MN/MFP ၊ နိုဝင်ဘာ – ၁၀
မန္တလေးတိုင်းထဲက မတ္တရာ၊ စဉ့်ကူးနဲ့ သပိတ်ကျင်း မြို့နယ်တွေမှာ စစ်အုပ်စုနဲ့ တော်လှန်ရေးတပ်ဖွဲ့တွေအကြား တိုက်ပွဲတွေပိုမိုပြင်းထန်လာနေတာကြောင့် ပြည်သူတွေအနေနဲ့ ဘေးအန္တရာယ်ကင်းရှင်းရေးဆိုင်ရာ အစီအမံတွေကြိုတင်ပြင်ဆင်ထားဖို့နဲ့ စစ်ရေးသတိရှိကြဖို့ ပြည်သူ့ကာကွယ်ရေးတပ်မတော် – မန္တလေး (MDY-PDF)က အသိပေးထုတ်ပြန်ထားပါတယ်။
လာမဲ့ ဒီဇင်ဘာလနဲ့ ၂၀၂၆ ခုနှစ် ဇန်နဝါရီလတွေမှာ စစ်အုပ်စုက “တရားမဝင် အတုအယောင် ရွေးကောက်ပွဲ”ကို အဓမ္မပြုလုပ်သွားဖို့ လုပ်ဆောင်နေပြီး ရွေးကောက်ပွဲမတိုင်ခင်မှာ စစ်အုပ်စုက တော်လှန်ရေးတပ်ဖွဲ့တွေ စိုးမိုးထိန်းချုပ်ထားတဲ့ နယ်မြေတွေကို အပြင်းအထန် ထိုးစစ်ဆင်တိုက်ခိုက်နေတယ်လို့ MDY-PDF က ဆိုပါတယ်။
အဲဒီလို စစ်အုပ်စုရဲ့ အတုအယောင် တရားမဝင် ရွေးကောက်ပွဲပြုလုပ်သွားဖို့ စီစဉ်ထားတဲ့ မြို့နယ်တွေထဲမှာ MDY-PDF တိုက်ခိုက်သိမ်းပိုက်ထားတဲ့ မတ္တရာ၊ စဉ့်ကူးနဲ့ သပိတ်ကျင်း မြို့နယ်တွေလည်း ပါဝင်နေတာဖြစ်ပါတယ်။
လက်ရှိမှာ စစ်အုပ်စုက MDY-PDF ထိန်းချုပ်ထားတဲ့ မြို့နယ်တွေကို ထိုးစစ်ဆင်တိုက်ခိုက်နေတာကြောင့် နေ့စဉ်လိုလို တိုက်ပွဲတွေပြင်းထန်နေတယ်လို့လည်း ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။
“ယခုအခါ မတ္တရာမြို့နယ်၊ စဥ့်ကူးမြို့နယ်နှင့် သပိတ်ကျင်းမြို့နယ်တို့တွင် တနေ့ထက်တနေ့ စစ်ရေးတိုက်ပွဲများ ပိုမိုပြင်ထန်းလာနေကာ အဆိုပါဒေသတွင်းနေ ပြည်သူလူထုအနေဖြင့် တိုက်ပွဲတွင်း ကြုံတွေ့ရနိုင်သည့် အခြေအနေများနှင့်ပက်သက်ပြီး ကြိုတင်ပြင်ဆင်ကြပါရန်နှင့် ဘေးအန္တရာယ်ကင်းနိုင်ရေးအတွက် လိုအပ်သည့် အစီအမံများ လုပ်ဆောင်ထားကြပါရန် မေတ္တာရပ်ခံ တိုက်တွန်းအပ်ပါသည်” လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော် – မန္တလေး – MDY-PDF က အသိပေးတိုက်တွန်းထားပါတယ်။
ပြည်သူ့ကာကွယ်ရေးတပ်မတော် – မန္တလေး အနေနဲ့ အကြမ်းဖက် အာဏာသိမ်းစစ်အုပ်စုရဲ့ လက်ရှိထိုးစစ်ကို ကိုယ်စွမ်း ဉာဏ်စွမ်းရှိသမျှ ဆက်လက်ခုခံသွားမှာဖြစ်ပြီး ပြည်သူ့တော်လှန်ရေးကြီးရဲ့ အဆုံးသတ်ပန်းတိုင်ရောက်သည့်အထိ မဆုတ်မနစ် ဆက်လက်ချီတက်သွားမှာဖြစ်တယ်လို့လည်း MDY-PDF က အသိပေးထုတ်ပြန်ထားပါတယ်။
လက်ရှိမှာ စစ်အုပ်စုက MDY-PDF တိုက်ခိုက်သိမ်းပိုက်ထားတဲ့ မတ္တရာ၊ စဉ့်ကူး၊ သပိတ်ကျင်း စတဲ့ မြို့နယ်တွေထဲက နယ်မြေတွေကို မြေပြင်မှာအင်အားအလုံးအရင်းနဲ့ ထိုးစစ်ဆင်တိုက်ခိုက်နေသလို လေကြောင်းကနေ နေ့စဉ်ဗုံးကြဲပစ်ခတ်နေတာကြောင့် ဒေသခံပြည်သူတွေ ထိခိုက်သေဆုံးမှုတွေလည်း ရှိနေတာဖြစ်ပါတယ်။
မန္တလေးတိုင်းထဲက MDY-PDF တပ်ဖွဲ့တွေ တိုက်ခိုက်သိမ်းပိုက်ခဲ့တဲ့ သပိတ်ကျင်းမြို့ကို စစ်အုပ်စုက ပြန်လည်သိမ်းပိုက်ထားသလို မတ္တရာမြို့နယ်ထဲက နယ်မြေအများအပြားကိုပါ စစ်အုပ်စုလက်ထဲ ပြန်လည်လက်လွှတ်ထားရတယ်လို့လည်း ဒေသခံသတင်းရင်းမြစ်တွေက MFPကို ဖြေဆိုထားပါတယ်။
စစ်အုပ်စုက လာမဲ့၂၀၂၅ ဒီဇင်ဘာလ ၂၈ ရက် ရွေးကောက်ပွဲမှာ မန္တလေးတိုင်းထဲက တော်လှန်ရေးတပ်ဖွဲ့တွေ သိမ်းပိုက်ထားပြီး နယ်မြေစိုးမိုးထားနိုင်တဲ့ မိုးကုတ်၊ စဉ့်ကူးနဲ့ နွားထိုးကြီးမြို့နယ်တွေမှာ ရွေးကောက်ပွဲမကျင်းပနိုင်တော့ဘူးလို့ ပြီးခဲ့တဲ့ စက်တင်ဘာလက ထုတ်ပြန်ကြေညာထားပါတယ်။
MFP ရဲ့ သတင်း၊ ဆောင်းပါးနဲ့ ရုပ်သံတွေကို ယူကျူ့နဲ့ တယ်လီဂရမ်မှာလည်း ကြည့်နိုင်ပါတယ်။



