ထင်လင်း/MFP ၊ နိုဝင်ဘာ – ၁၀
မန္တလေးတိုင်းအထက်ပိုင်းက မတ္တရာ၊ စဉ့်ကူး၊ သပိတ်ကျင်းမြို့နယ်တို့မှာ စစ်ရေးပြင်းထန်နေပြီး အရေးပေါ် အကူအညီတွေလိုအပ်နေတယ်လို့ စစ်ဘေးဒုက္ခသည်တွေကို ကူညီပေးနေသူတွေက ဆိုပါတယ်။
ဒီ သုံးမြို့နယ်အတွင်းမှာ နှစ်ဘက်တိုက်ပွဲတွေနဲ့ လေကြောင်းတိုက်ခိုက်မှုတွေ ပြင်းပြင်းထန်ထန်ဖြစ်ပွားနေတာကြောင့် အရပ်သားပြည်သူ သောင်းနဲ့ချီကာ နေအိမ်စွန့်ခွာထွက်ပြေးနေကြရတာလို့ ဒေသခံတွေက ပြောပါတယ်။
“အရေးပေါ်က စားနပ်ရိက္ခာ၊ဆန်၊ဆီ ပေါ့”လို့ စစ်ဘေးဒုက္ခသည်တွေကို ကူညီပေးနေတဲ့ လူထုလှုပ်ရှားမှုတက်ကြွလှုပ်ရှားသူ မအေးမြင့်အောင်အောင်က MFP ကိုပြောပါတယ်။
ပြီးခဲ့တဲ့ ဩဂုတ်လက ဖယောင်းတောင်ဒေသကို စစ်အုပ်စုပြန်သိမ်းယူပြီးနောက်ပိုင်း မတ္တရာနှင့် သပိတ်ကျင်းမြို့နယ်ကြားက ကျန်ရှိနေသေးတဲ့ TNLA နဲ့ MDY – PDF တို့ထိန်းချုပ်ထားတဲ့ ဒေသတွေကို နယ်မြေရှင်းလင်းရေး ဆက်လုပ်ကာ ထိုးစစ်ဆင်သွားမယ်လို့ စစ်အုပ်စုက ထုတ်ပြန်ပြီးနောက်ပိုင်း တိုက်ပွဲတွေ ဆက်ပြင်းထန်နေတာ ဖြစ်ပါတယ်။
လက်ရှိမှာလည်း မတ္တရာမြို့နယ်၊ဆည်တော်ကြီးတဝိုက်နဲ့ တံငါကျေးရွာအနီးမှာ တိုက်ပွဲတွေ ပြင်းထန်နေတဲ့အပြင် သပိတ်ကျင်းမြို့နယ်အတွင်းက ဖော့တောကျေးရွာတဝိုက်မှာ တိုက်ပွဲတွေဆက်ရှိနေတာလို့ ဒေသခံတွေက ဆိုပါတယ်။
စစ်အုပ်စုက တိုက်ပွဲနဲ့မသက်ဆိုင်သလို စစ်ရးပစ်မှတ်မဟုတ်တဲ့ အရပ်သားတွေပါမချန် ဒရုန်း၊လက်နက်ကြီးနဲ့ လေကြောင်းတိုက်ခိုက်မှုတွေ ရှိနေတာကြောင့် မတ္တရာမြို့နယ်ထဲက ကျေးရွာ တစ်ရာနီးပါးလောက်ဟာ တိုက်ပွဲလွတ်ရာကို ထွက်ပြေးနေကြရပါတယ်။
အဲ့ဒီနှစ်မြို့နယ်ရဲ့ အလည်မှာရှိတဲ့ စဉ့်ကူးမြို့နယ်အတွင်းမှာလည်း စစ်ဘေးဒုက္ခသည်တွေရှိနေပြီး တိုက်ပွဲတွေ ပိုနီးကပ်လာတာကြောင့် နေရပ်စွန့်ခွာ ထွက်ပြေးကြသူတွေ ရှိလာပြီလို့ ဒေသခံတွေက ပြောပါတယ်။
“လက်ပံလှ၊နွယ်ရုံ၊ကျည်တောက်ပေါက် တကြောပေါ့၊ပိုက်ဆံရှိတဲ့သူတွေကတော့ ပြေးနှင့်ကြပြီ၊သာမာန်လက်လုပ်လက်စားမပြေးနိုင်ကြတဲ့သူတွေကတော့ သွားလာနေကြတုန်းပဲ”လို့ စဉ့်ကူးဒေသခံတစ်ဦးက ပြောပါတယ်။
မန္တလေးတိုင်းအထက်ပိုင်းက အဲဒီသုံးမြို့နယ်ကို ၂၀၂၄ ခုနှစ်ကတည်းက တော်လှန်ရေးတပ်တွေ သိမ်းယူခဲ့ပြီးနောက် တစ်နှစ်ကျော်ကြာအောင် ထိန်းချုပ်စိုးမိုးထားခဲ့ပေမဲ့ အခုနှစ် ဇွန်လမှာတော့ စစ်အုပ်စုက ဒရုန်း၊ ဂျက်ဖိုက်တာ စတာတွေကို အသုံးပြုပြီး လေကြာင်းကနေအပြင်းအထန် တိုက်ခိုက်နေသလို မြေပြင်ကနေလည်း အင်အားအလုံးအရင်းနဲ့ ထိုးစစ်ဆင် တိုက်ခိုက်နေတာ ဖြစ်ပါတယ်။
စစ်အုပ်စုအနေနဲ့ ဒီဒေသတွေကို စစ်အုပ်စုက တဘက်သတ်ကျင်းပတဲ့ ၂၀၂၅ခုနှစ် ရွေးကောက်ပွဲမတိုင်ခင် အပြီးသိမ်းယူဖို့ အစီအစဉ်လုပ်ဆောင်နေတယ်လို့လည်း စစ်အုပ်စုနဲ့ နီးစပ်သူတွေက ဆိုပါတယ်။
MFP ရဲ့ သတင်း၊ ဆောင်းပါးနဲ့ ရုပ်သံတွေကို ယူကျူ့နဲ့ တယ်လီဂရမ်မှာလည်း ကြည့်နိုင်ပါတယ်။



