မန္တလေးသတင်း

မန္တလေးတိုင်းက မြို့သုံးမြို့မှာ ၁၀ ရက်အတွင်း လေကြောင်းကနေ အကြိမ်ပေါင်း ၄၀ ကျော် တိုက်ခိုက်ခံရ

ထင်လင်း/MFP ၊ နိုဝင်ဘာ – ၁၁

MFP ကလက်လှမ်းမီသလောက် ကောက်ယူထားတဲ့ အချက်အလက်တွေအရ မန္တလေးတိုင်းအထက်ပိုင်းက မတ္တရာ၊စဉ့်ကူးနဲ့ သပိတ်ကျင်းမြို့နယ်တွေမှာ ၁၀ ရက်အတွင်း လေကြောင်းတိုက်ခိုက်မှု     အကြိမ်ရေ ၄၀ ကျော်ရှိခဲ့ပါတယ်။

ဒီသုံးမြို့နယ်အတွင်းမှာ ဂျက်ဖိုက်တာလေယာဉ်ဖြင့် လေကြောင်းတိုက်ခိုက်မှုတွေ ပြုလုပ်ခဲ့တာဖြစ်ပြီး ကျောက်စရစ်ကုန်းမြောက်ရွာက ဂရိတ်ဝေါ သကြားစက်ရုံ၊သပိတ်ကျင်းမြို့နယ် ကြာညှပ်

ဆေးရုံ၊စဉ့်ကူးမြို့နယ် ရွှေပြည်ကျေးရွာစာသင်ကျောင်း အပါအဝင် ကျေးရွာတွေနဲ့ အရပ်သားပြည်သူတွေကိုပါ ဦးတည်တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။ စစ်အုပ်စုတပ်က လေကြောင်းတိုက်ခိုက်ခံရတဲ့ နေရာအများစုဟာ ဘုန်းတော်ကြီးကျောင်း၊ လူနေရပ်ကွက်၊ ကျေးရွာ၊ စက်သုံးဆီဆိုင်နဲ့ ရွှေလုပ်ကွက်တွေ ဖြစ်တယ်လို့ ဆိုပါတယ်။

ဒီတိုက်ခိုက်မှုတွေကြောင့် အရပ်သားပြည်သူ သေဆုံးသူ ၄ဦးရှိကာ ထိခိုက် ဒဏ်ရာရသူ ၁၃ ဦး ရှိခဲ့ပြီး အဆောက်အဦးအများအပြား မီးလောင်ပျက်စီးခဲ့ပါတယ်။ထိခိုက်သေဆုံးမှု အသေးစိတ်ကိုတော့ MFP က စုံစမ်းနေပါတယ်။

“တိုက်ပွဲမရှိတဲ့ စဉ့်ကူးထဲလည်း တအားကြဲနေတာ၊အခုက မတ္တရာဘက်က ထိုးလာတာရော ကြဲတာရော၊စဉ့်ကူးထဲက တချို့ကတော့ ပြေးနှင့်ကြပြီ”လို့ စဉ့်ကူးဒေသခံတစ်ဦးက ပြောပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာလကလည်း မိုးကုတ်မြို့နယ် ရေထွက်ကြီးရွာနဲ့ မတ္တရာ၊စဉ့်ကူးနဲ့ သပိတ်ကျင်းမြို့နယ်တို့မှာ လေကြောင်းတိုက်ခိုက်မှု အကြိမ်ရေ ၁၁၉ ကြိမ် ရှိခဲ့ပြီး သေဆုံးသူ ၁၁ ဦးနဲ့ ထိခိုက်

ဒဏ်ရာရသူ အနည်းဆုံး ၃၆ ဦးရှိကာ နေအိမ်အဆောက်အဦးအများအပြား ထိခိုက်ပျက်စီးခဲ့ပါတယ်။

လေကြောင်း တိုက်ခိုက်မှုတွေကြောင့် သေဆုံးသူတွေထဲမှာ အသက် ၁၈ နှစ်အောက် ကိုရင်တွေနဲ့ ကလေးငယ်တွေအများစု ပါဝင်ပါတယ်။

ဒ့ါအပြင် မန္တလေးတိုင်းအထက်ပိုင်းက အဲဒီသုံးမြို့ကို ၂၀၂၄ ခုနှစ် ကတည်းက တော်လှန်ရေးတပ်တွေ သိမ်းယူခဲ့ပြီးနောက် တစ်နှစ်ကျော်ကြာအောင် ထိန်းချုပ်စိုးမိုးထားခဲ့ပေမဲ့ အခုနှစ် ဇွန်လမှာတော့ စစ်အုပ်စုက ဒရုန်း၊ ဂျက်ဖိုက်တာတွေကို အသုံးပြုပြီး လေကြာင်းကနေအပြင်းအထန် တိုက်ခိုက်နေသလို မြေပြင်ကနေလည်း အင်အားအလုံးအရင်းနဲ့ ထိုးစစ်ဆင် တိုက်ခိုက်နေတာ ဖြစ်ပါတယ်။

MFP ရဲ့ သတင်း၊ ဆောင်းပါးနဲ့ ရုပ်သံတွေကို ယူကျူ့နဲ့ တယ်လီဂရမ်မှာလည်း ကြည့်နိုင်ပါတယ်။

Related Articles

Back to top button