အထိနာတဲ့ စစ်အုပ်စုက ကျွဲဇိမ်ရွာဒေသခံ ဆယ်ဦးကျော်ကို ဓားစာခံဖမ်းဆီးပြီး ရွှေငွေတွေကို လုယက်ယူဆောင်သွား
MN/MFP ၊ နိုဝင်ဘာ – ၁၁
မန္တလေးတိုင်း၊ မြင်းခြံခရိုင် ငါန်းဇွန်မြို့နယ်ထဲက မြို့သာစက်မှုဇုန်လမ်းပေါ်မှာ နိုဝင်ဘာ ၁၀ ရက် မနက်ပိုင်းက အင်အား ၁၀၀ ဝန်းကျင်ပါတဲ့ စစ်အုပ်စု စစ်ကြောင်းကို တော်လှန်ရေးတပ်ဖွဲ့တွေက မိုင်းဆွဲတိုက်ခိုက်ရာမှာ စစ်အုပ်စု လေးယောက်သေဆုံးပြီး နှစ်ယောက်ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ Special Task Force Ngazun တပ်ဖွဲ့ တာဝန်ရှိသူက MFP ကို ပြောပါတယ်။
ငါန်းဇွန်မြို့နယ် မြို့သာစစ်အုပ်စု အထိုင်စခန်းကနေ မနက် ငါးနာရီခွဲဝန်းကျင်မှာ ကားနှစ်စီးအပါဝင် စစ်အုပ်စု အင်အား ၁၀၀ ဝန်းကျင်နဲ့ စစ်ကြောင်းထွက်လာချိန် တော်လှန်ရေးတပ်ဖွဲ့တွေက အသင့်စောင့်ဆိုင်းပြီး မြို့သာစက်မှုဇုန်လမ်းပိုင်းပေါ်မှာ မိုင်းဆွဲတိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။
“မနေ့က မနက်ပိုင်းမှာ မြို့သာရဲစခန်းကနေ ကားနှစ်စီးနဲ့ (စစ်အုပ်စု)ခြေလျင်အပါဝင် အင်အား ၁၀၀ လောက်နဲ့ တက်လာတာ။ အဲဒီလိုတက်လာတဲ့အချိန်မှာ ကာကွယ်ရေးအဖွဲ့တွေက ပဒေသာမိုင်း ခြောက်လုံးနဲ့ မိုင်းဆွဲတိုက်ခိုက်တာမှာ နေရာမှာတင် (စခ)လေးကောင်လောက်တော့ သေတယ်။ နှစ်ကောင်ကတော့ ဒဏ်ရာရသွားတယ်”
အဲဒီလို တော်လှန်ရေးတပ်ဖွဲ့တွေရဲ့ မိုင်းဆွဲတိုက်ခိုက်တာခံလိုက်ရပြီးနောက် အထိနာသွားတဲ့ စစ်အုပ်စုက မြို့သာစက်မှုဇုန်လမ်းဘေးမှာရှိတဲ့ ကျွဲဇိမ်ကျေးရွာကို ဝင်ရောက်စီးနင်းပြီး ဒေသခံပြည်သူတွေကို ဓားစာခံဖမ်းဆီးကာ အဖိုးတန်ရွှေငွေတွေကိုပါ လုယက်ယူဆောင်သွားခဲ့တယ်လို့ Special Task Force Ngazun တပ်ဖွဲ့ တာဝန်ရှိသူက ဆက်ပြောပါတယ်။
“မိုင်းဆွဲတိုက်ခိုက်ခံရပြီးတော့ သူတို့(စစ်အုပ်စု)ဒဏ်ရာရသွားတဲ့နေရာနဲ့ ကျွဲဇိမ်ဆိုတဲ့ရွာနဲ့က နီးတယ်ဗျ။ သူတို့က အထိနာသွားတော့ ချက်ချင်းပြန်မဆုတ်သေးဘဲ အဲဒီရွာထဲကိုဝင်သွားတာ။ လူသားတံတိုင်းကာချင်လို့ပေါ့။ ကျွဲဇိမ်ကျေးရွာထဲကိုဝင်ပြီးတော့ ရွှေတွေငွေတွေယူတယ်လို့ ဒေသခံတွေကပြောတယ်။ နောက်ပြီးတော့ ဒေသခံတွေ ၁၀ ယောက်ကျော်လောက်ကို ဖမ်းသွားတယ်”
ကျွဲဇိမ်ရွာက ဒေသခံပြည်သူတွေဟာ စစ်ကြောင်းရောက်လာတာကို မသိလိုက်တာကြောင့် တိမ်းရှောင်ချိန်မရလိုက်ဘဲ ဖမ်းဆီးခံလိုက်ရတာဖြစ်ပြီး ဒီကနေ့ထိ ပြန်မလွတ်သေးသလို စစ်ကြောင်းကလည်း ငြိမ်နေသေးတယ်လို့ သူက ဆိုပါတယ်။
မနေ့က Special Task Force Ngazun တပ်ဖွဲ့က မိုင်းဆွဲတိုက်ခိုက်ခဲ့ပြီးနောက် အထိနာသွားတဲ့ စစ်အုပ်စုက ၄၀ မမ နှစ်လုံးနဲ့ ပြန်လည်ပစ်ခတ်ခဲ့ပေမဲ့ တော်လှန်ရေးတပ်ဖွဲ့တွေ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာလာနိုင်ခဲ့တယ်လို့လည်း ထုတ်ပြန်ချက်မှာ ရေးသားထားပါတယ်။
ငါန်းဇွန်မြို့နယ်မှာ စစ်အုပ်စုက ရွာစဉ်ပတ်မွှေ စစ်ကြောင်းထိုး နေအိမ်တွေကို မီးရှို့တာ၊ လူသတ်၊ လုယက်ပြီး ဒေသခံတွေကို ပေါ်တာဆွဲဖမ်းဆီးတာနဲ့ လေကြောင်းကနေ ကျေးရွာတွေပေါ် ဗုံးကြဲတာတွေ မကြာခဏ ကျူးလွန်လုပ်ဆောင်နေတာဖြစ်တယ်လို့လည်း ဒေသခံတွေက ဆိုကြပါတယ်။
ပုံအဟောင်းကို ဖော်ပြထားခြင်းဖြစ်ပါတယ်။
MFP ရဲ့ သတင်း၊ ဆောင်းပါးနဲ့ ရုပ်သံတွေကို ယူကျူ့နဲ့ တယ်လီဂရမ်မှာလည်း ကြည့်နိုင်ပါတယ်။



