မန္တလေးသတင်း

မန္တလေးတိုင်းက စစ်ဘေးရှောင်တစ်သောင်းကျော် လေးလကြာတဲ့အထိ နေရပ်မပြန်နိုင်သေး

MN/MFP ၊ နိုဝင်ဘာ – ၂၆

မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်နဲ့ နွားထိုးကြီးမြို့နယ်ထဲက ဒေသခံတစ်သောင်းကျော်ဟာ ပြီးခဲ့တဲ့ ဇူလိုင် ၃၁ ရက်ကစတင်ကာ နိုဝင်ဘာလထိ လေးလကြာ စစ်ဘေးတိမ်းရှောင်နေကြရဆဲဖြစ်ပြီး နေရပ်မပြန်နိုင်သေးတာကြောင့် စားနပ်ရိက္ခာအကူညီတွေ လိုအပ်နေတယ်လို့ ဒေသခံ သတင်းရင်းမြစ်တွေက ပြောပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင်လကစတင်ကာ မြင်းခြံနယ်အရှေ့ခြမ်းနဲ့ နွားထိုးကြီးနယ်အနောက်ခြမ်းက ကျေးရွာတွေကို စစ်အုပ်စုနဲ့ သီတာယုမွန်ဦးဆောင်တဲ့ပျူတွေ စစ်ကြောင်းထိုး စီးနင်းလုယက်မီးရှို့တာနဲ့ ဒေသခံတွေကို ဖမ်းဆီးသတ်ဖြတ်တာတွေ လုပ်ဆောင်ခဲ့တာကြောင့် သောင်းနဲ့ချီတဲ့ ပြည်သူတွေဟာ ဒီကနေ့ထိ ဘေးလွတ်ရာနေရာတွေမှာ စစ်ဘေးတိမ်းရှောင်နေကြရဆဲဖြစ်တယ်လို့ ဒေသခံတွေက ဆိုပါတယ်။

လက်ရှိမှာ စစ်အုပ်စု စစ်ကြောင်းထိုးစီးနင်းလုယက် မီးရှို့ခဲ့တဲ့ ကျေးရွာတွေကို ကူညီထောက်ပံ့မှုတွေ လုပ်ဆောင်ပေးနေပေမဲ့ စစ်ဘေးရှောင်လာတဲ့လူဦးရေ များပြားနေတာကြောင့် အကူညီတွေလိုအပ်နေဆဲဖြစ်တယ်လို့ စစ်ရှောင်ပြည်သူတွေကို ကူညီပေးနေတဲ့ မြင်းခြံဒေသခံ သတင်းရင်းမြစ်က ပြောပါတယ်။

“စစ်ဘေးရှောင်တွေကတော့ တစ်သောင်းကျော်တာပေါ့။ အဲဒီထက်ကိုမကဘူး မြေပြင်မှာ စစ်ရှောင်တွေက ပြန့်ကျဲနေတော့ စာရင်းကောက်ယူရတာလည်း ခက်နေတာ။ ရွာပေါင်းကိုက မြင်းခြံနယ်ထဲမှာ ၂၀ ကျော်တယ်။ အဲဒါက အခုလပိုင်းတွေအတွင်းမှာ စစ်ကြောင်းထိုးလို့ စစ်ရှောင်နေရတဲ့ရွာတွေ။ အရင်ကတည်းက နှစ်ရှည်တိမ်းရှောင်နေရတဲ့ ရွာတွေမပါသေးဘူး။ အခု မြင်းခြံ-နွားထိုးလမ်းပိုင်း လမ်းဘေးဝဲယာက ရွာတွေလည်း အကုန်စစ်ရှောင်နေကြရတာ။ ဒီလထဲမှာတော့ မြင်းခြံနယ်ထဲက စခတွေမီးရှို့ခဲ့တာနဲ့ လေကြောင်းကဗုံးကြဲခံရတာ ဖမ်းဆီးသတ်ဖြတ်ခံရတာတွေထဲက ကျေးရွာ သုံးရွာက ပြည်သူတွေကို ငွေကြေးထောက်ပံ့ပေးခဲ့တယ်။ စစ်ဘေးရှောင်တွေကများတော့ စားနပ်ရိက္ခာတို့ ဆေးဝါးတို့ လိုတယ်၊ အခုဆောင်းဝင်လာတော့ စောင်တို့ အနွေးထည်တို့ လိုလာပြီ။ စစ်ဘေးရှောင်တွေက အရမ်းများနေသလို ရွာကိုလည်းပြန်ကပ်လို့မရသေးတော့ အကူညီတွေအများကြီးလိုအပ်နေပါသေးတယ်”

စစ်အုပ်စုနဲ့ပျူစောထီးတွေ စစ်ကြောင်းထိုး စီးနင်းလုယက်မီးရှို့နေတာကြောင့် မြင်းခြံနယ်ထဲက စံပြ၊ သဲတော၊ ခင်မကန်၊ တဲ၊ ညောင်ပင်၊ ပျော်ဘွယ်၊ သမုန်းကိုင်း၊ ရွာသာ၊ ဖုံ၊ ဖောင်းကား၊ ဗလုံ၊ ကန်ဆင့်(တောင်-မြောက်)၊ ကူ၊ ကွမ်းစိုက်၊ ခြေဆေး စတဲ့ ကျေးရွာတွေနဲ့ နွားထိုးကြီးနယ်အနောက်ခြမ်းက လက်ဝဲ-မြင်းနီ၊ ရွာကြီး၊ လက်သမားကန်၊ သဲတော၊ သူစိုး၊ မလည်၊ မြင်းခြံ-နွားထိုးကြီး လမ်းဘေးဝဲယာက ကျေးရွာတွေဖြစ်တဲ့ ကံနှောင်း၊ ကံ၊ ကုန်းသာ၊ သာယာကုန်း၊ လျှော်ဖြူ၊ ညောင်ပင်သာ၊ သန်းပင်တောစတဲ့ ရွာပေါင်း ၃၀ ကျော်က ဒေသခံပြည်သူ တစ်သောင်းကျော် လေးလကြာ စစ်ဘေးတိမ်းရှောင်နေကြ ရတာဖြစ်ပါတယ်။ 

လက်ရှိမှာ စစ်အုပ်စုက မြင်းခြံ-နွားထိုးကြီးလမ်းပိုင်းကို သုံးလကျော်ကြာ စစ်ကြောင်းထိုးပြီးနောက် ပြန်လည်ထိန်းချုပ်ထားသလို လမ်းဘေးဝဲယာမှာရှိတဲ့ ကျေးရွာတွေကို ဖောက်ထွင်းလုယက်တာ မီးရှို့တာတွေ မကြာခဏ လုပ်ဆောင်နေဆဲဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ပြီးခဲ့တဲ့ ဩဂုတ်လက မြင်းခြံနယ်အရှေ့ခြမ်းနဲ့ နွားထိုးကြီးနယ်အနောက်ခြမ်းက ကျေးရွာတွေကို စစ်အုပ်စုနဲ့ သီတာယုမွန်ဦးဆောင်တဲ့ ပျူတွေ စတင် စစ်ကြောင်းထိုးခဲ့တာဖြစ်ပြီး ရွာစဉ်ပတ်မွှေ လူသတ်၊ လုယက်၊ မီးရှို့ခဲ့တာကြောင့် ပြီးခဲ့တဲ့ အောက်တိုဘာလထိ သုံးလအတွင်းမှာ ရွာပေါင်း ၁၀ ရွာကျော်က စုစုပေါင်းအိမ်ခြေ ၁၅၀၀ ကျော် မီးလောင်ပျက်စီးပြီး ဒေသခံ ၂၅ ဦးထက်မနည်း ဖမ်းဆီးသတ်ဖြတ်ခံထားရတယ်လို့ မြေပြင်သတင်းရင်းမြစ်တွေက ပြောဆိုထားပါတယ်။

⁨မြင်းခြံနယ်ထဲက စစ်ဘေးရှောင်ပြည်သူတွေကို ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းက တွေ့ရစဉ်⁩။

MFP ရဲ့ သတင်း၊ ဆောင်းပါးနဲ့ ရုပ်သံတွေကို ယူကျူ့နဲ့ တယ်လီဂရမ်မှာလည်း ကြည့်နိုင်ပါတယ်။

Related Articles

Back to top button