မန္တလေးသတင်း

တောင်သာနယ် ထိတွေ့တိုက်ပွဲမှာ အထိနာတဲ့စစ်အုပ်စုက တစ်ရက်ထဲမှာကျေးရွာနှစ်ရွာက နေအိမ် ၆၀ ခန့်ကို မီးရှို့ဖျက်ဆီးသွား

အီသာရမ်/MFP၊ ဒီဇင်ဘာ-၉

မန္တလေးတိုင်း၊ မြင်းခြံခရိုင် တောင်သာနယ်မှာ စစ်အုပ်စုစစ်ကြောင်းနဲ့တော်လှန်ရေးတပ်တွေ တိုက်ပွဲဖြစ်ပွားခဲ့ပြီးနောက် အထိနာတဲ့ စစ်အုပ်စုတပ်က ကျေးရွာတွေကို စစ်ကြောင်းထိုးကာ ဒီဇင်ဘာလ ၆ ရက် တစ်ရက်ထဲမှာပဲ နေအိမ် ခြောက်ဆယ်ခန့်ကို မီးရှို့ဖျက်ဆီးသွားတယ်လို့ ဒေသခံသတင်းရင်းမြစ်တွေက ပြောပါတယ်။

တောင်သာနယ် ခြုံကြီးကျေးရွာအရှေ့ဘက် ဘူတာနားမှာ စစ်အုပ်စုခန့်မှန်းအင်အား ၃၀၀ ခန့်ပါတဲ့ စစ်ကြောင်းနဲ့တော်လှန်ရေးတပ်တွေ ထိတွေ့တိုက်ပွဲဖြစ်ပွားပြီး တော်လှန်ရေးတပ်တွေ နောက်ပြန်ဆုတ်သွားချိန်မှာ ခြုံကြီးကျေးရွာနဲ့အင်တဲကျေးရွာတို့ကို စစ်အုပ်စုတပ်က စစ်ကြောင်းထိုးဝင်ရောက်ပြီးနောက် မီးရှို့ဖျက်ဆီးခဲ့တာ ဖြစ်ပါတယ်။

“အရင်ဆုံး ခြုံကြီးရွာကို ဗုံးကြဲပြီတိုက်ပွဲဖြစ်တော့တာ၊ပြီးမှခြုံကြီးရွာ အရှေ့ပိုင်းမီးစရှို့‌တာ၊အင်တဲရွာမြောင်းကျောင်းအနောက်ဘက်ကအိမ်တွေမီးပြန်ရှို့သွားတာ၊မီးလောင်းတာအိမ်ခြေ ၆၀ ကျော်တယ်”လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

ခြုံကြီးကျေးရွာကို စစ်အုပ်စုက မီးရှို့ပြီးနောက် စစ်ကြောင်းပြန်ဆုတ်ချိန်မှာ အင်တဲကျေးရွာက နေအိမ်တွေကို ထပ်မံမီးရှို့တာကြောင့် ကျေးရွာနှစ်ရွာပေါင်း နေအိမ် ၆၀ ခန့်မီးလောင်ဆုံးရှုံးသွားတယ်လို့ ဆိုပါတယ်။

ရွေးကောက်ပွဲ နီးလာတာနဲ့အမျှ စစ်အုပ်စုနဲ့ပျုစောထီးပူးပေါင်း စစ်ကြောင်းတွေဟာ တောင်သာနယ်ထဲက ကျေးရွာတွေကို တစ်ရွာဝင်တစ်ရွာထွက် စစ်ကြောင်းထိုးကာ နယ်မြေရှင်းလင်းရေး ဆောင်ရွက်နေတာကြောင့် စစ်ရေးအရ သတိထားစောင့်ကြည့်နေရတဲ့ အခြေအနေဖြစ်တယ်လို့ ဒေသအခြေစိုက် တော်လှန်ရေးတပ်ဖွဲ့ဝင်တွေက ဆိုကြပါတယ်။

စစ်အုပ်စုစစစ်ကြောင်းကြောင့် ခြုံကြီးနဲ့အင်တဲကျေးရွာမှာ နေထိုင်တဲ့ဒေသခံပြည်သူ ထောင်နဲ့ချီ ထွက်ပြေးတိမ်းရှောင်နေကြရပြီး စစ်ကြောင်းက ကျွန်းရွာလေးရွာဘက်ကို ရောက်ရှိချိန်မှာတော့ ကျေးရွာတွေကို ပြန်လည်ဝင်ရောက် နေထိုင်နေကြပြီလို့ ဆိုပါတယ်။

အဲဒီစစ်အုပ်စုစစ်ကြောင်းက မြင်းခြံသံမဏိစက်ရုံနဲ့ တောင်သာမြို့က စစ်အုပ်စုစစ်ကြောင်းနှစ်ကြောင်းပေါင်းထိုးလာတာဖြစ်ပြီး စစ်ကြောင်းတွေ နောက်ထပ်ထိုးလာနိုင်တာကြောင့် ဒေသခံပြည်သူတွေကြားမှာ စိုးရိမ်မှုတွေလည်း ရှိနေကြတယ်လို့ ဆိုပါတယ်။

မန္တလေးတိုင်းအတွင်းက တောင်သာ၊နွားထိုးကြီးအပါအဝင် မြင်းခြံနဲ့ငါန်းဇွန်မြို့နယ်တွေဟာ တရုတ်ဂတ်စ်ပိုက်လိုင်း ဖြတ်သန်းသွားတဲ့ ဒေသတွေဖြစ်တာကြောင့် စစ်အုပ်စုတပ်က မကြာခဏ စစ်ကြောင်းထိုးစီးနင်းနေသလို ကျေးရွာတွေကိုလည်း မီးရှို့ဖျက်ဆီးတာတွေ လုပ်ဆောင်နေတာ ဖြစ်ပါတယ်။

ဒါ့အပြင် ပြီးခဲ့တဲ့ မေလအတွင်းကလည်း အဲဒီမြို့နယ်တွေက စစ်အုပ်စုတပ်စခန်း ၁၂ ခုကို တော်လှန်ရေးတပ်ဖွဲ့တွေက တစ်ပြိုက်နက်တည်း တိုက်ခိုက်ကာ ၉/အညာမြေစစ်ဆင်ရေးအဖြစ် ဖော်ဆောင်ခဲ့ပါသေးတယ်။

MFP ရဲ့ သတင်း၊ ဆောင်းပါးနဲ့ ရုပ်သံတွေကို ယူကျူ့နဲ့ တယ်လီဂရမ်မှာလည်း ကြည့်နိုင်ပါတယ်။

Related Articles

Back to top button