မန္တလေးသတင်း

မတ္တရာနဲ့ စဉ့်ကူးနယ်အစပ်မှာ နေ့စဉ်တိုက်ပွဲပြင်းထန်နေပြီး ကျေးရွာတချို့ စစ်အုပ်စုလက်ထဲ ပြန်ပေးလိုက်ရ၊

ထင်လင်း/MFP၊ ဒီဇင်ဘာ – ၉

မန္တလေးတိုင်း၊ စဉ့်ကူးမြို့နယ်အတွင်းက စစ်ရှုံးနယ်မြေတွေ ပြန်ရရေးအတွက် အာဏာသိမ်း စစ်အုပ်စုက ရှေ့ဆက်တိုးကာ စစ်ကြောင်းထိုးနေတာကြောင့် မတ္တရာနဲ့ စဉ့်ကူးနယ်အစပ် ကျေးရွာတွေမှာ နေ့စဉ်တိုက်ပွဲ ပြင်းထန်နေတယ်လို့ ဒေသခံ တော်လှန်ရေးအင်အားစုတွေက MFP ကို ပြောပါတယ်။

တော်လှန်ရေးတပ်တွေ တစ်နှစ်ကျော်ကြာ သိမ်းယူထိမ်းချုပ်ခဲ့တဲ့ စဉ့်ကူးမြို့နယ် တောင်ဘက်ခြမ်း နေရာတချို့အထိ စစ်အုပ်စု ရောက်ရှိလာပြီး နေ့စဉ်ထိတွေ့ တိုက်ပွဲတွေ ဖြစ်နေကာ စစ်အုပ်စုက လေကြောင်းပစ်ကူ အားကိုးနဲ့ ရှေ့ဆက်တိုးနေတယ်လို့ ဆိုပါတယ်။

မန္တလေးမြို့နဲ့ ၁၀မိုင်ကျော်အကွာရှိ စစ်ရှုံးနယ်မြေတွေကို ဇူလိုင်လအတွင်း ပြန်လည် သိမ်းယူနိုင်တဲ့ စစ်အုပ်စုဟာ မန္တလေး-မတ္တရာ – စဉ့်ကူး ကားလမ်းမကြီးအတိုင်း မတ္တရာနဲ့ စဉ့်ကူးဘက်ကို ဦးတည်ကာ ဆက်လက် စစ်ကြောင်း ထိုးနေတာ ဖြစ်ပြီး လေကြောင်းပစ်ကူ၊ လက်နက်ကြီးပစ်ကူတွေနဲ့ ဒရုန်းတွေ အလွန်အကျွံသုံးကာ ရှေ့ဆက်တိုးလာနေတာလို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ နိုဝင်ဘာလမှာ မတ္တရာတမြို့နယ်လုံးကို စစ်အုပ်စုက ပြန်လည် ထိမ်းချုပ်နိုင်ပြီးနောက် စဉ့်ကူးမြို့နယ်ထဲအထိ ထိုးစစ်တွေ ရောက်လာတာကြောင့် တော်လှန်ရေးတပ်တွေဘက်ကလည်း သိမ်းယူထားတဲ့ နယ်မြေတွေ ပြန်မပေးရရေးအတွက် အပြင်းအထန် ခုခံကာကွယ်နေတယ်လို့ အမည်မဖော်လိုတဲ့ တော်လှန်ရေးတပ်ဖွဲ့ဝင် တစ်ဦးက MFP ကို ပြောပါတယ်။

“ဒီနေ့ဗျာ (ဒီဇင်ဘာ၈) ဒီကောင်တွေ ဒရုန်းတွေနဲ့ တအားကိုချတာ၊ ကိုယ့်ဘက်အဖွဲ့နဲ့ ထိတွေ့ ဖြစ်ပေမယ့် ဒရုန်းတွေနဲ့ တအားကို ချတော့ ဆုတ်လာရတဲ့ အနေအထား၊ တရော်ပင်ရွာ(စဉ့်ကူးမြို့နယ်)ကို မနေ့က နယ်မြေရှင်းလင်းရေး လုပ်တယ်၊ လုပ်ပြီး ဒီကောင်တွေ ဒရုန်းတွေအားနဲ့ ဆက်တိုးလာတာ”

မတ္တရာနဲ့ စဉ့်ကူးနယ်ထဲ စစ်အုပ်စုက စစ်ကြောင်းထိုးရာမှာ မြေပြင်စစ်ကြောင်းမရောက်မီ ဒေသခံ ပြည်သူတွေကို အဓိက ပစ်မှတ်ထားပြီး ကျေးရွာတွေ၊ စာသင်ကျောင်း၊ ဆေးရုံဆေးခန်း၊ ဘုရားစေတီ၊ သာသနိက အဆောက်အအုံစတဲ့ နေရာတွေကို လေကြောင်းပစ်ကူအနေနဲ့ ဗုံးကြဲသတ်ဖြတ်နေတာကြောင့် မတ္တရာနဲ့ စဉ့်ကူးနယ် ကျေးရွာတွေက သောင်းနဲ့ချီတဲ့ ပြည်သူတွေ အိမ်မှာမနေရဲဘဲ ထွက်ပြေးနေရပါတယ်။

စစ်အုပ်စုက ပြည်သူကို ပစ်မှတ်ထားကာ ဗုံးကြဲသတ်နေတာကြောင့် ဒေသခံအများစုဟာ နေရပ်စွန့်ခွာထွက်ပြေးနေကြပေမဲ့ မပြေးနိုင်တဲ့ အရပ်သား တချို့လည်း ကျန်ရှိနေသေးတယ်လို့လည်း စဉ့်ကူးနယ် လက်ပံလှရွာခံတွေက MFP ကို ပြောပါတယ်။ 

“စစ်ရှောင်တွေက အများကြီးကျန်သေးတယ်”လို့ စဉ့်ကူးဒေသခံ တစ်ဦးကလည်း ပြောပါတယ်။ 

စစ်အုပ်စုဟာ ပြီးခဲ့တဲ့ နိုဝင်ဘာလအတွင်း မတ္တရာနဲ့ စဉ့်ကူးနယ်အစပ်က ကျေးရွာတွေကို လေကြောင်းဗုံးကြဲ သတ်ဖြတ်ခဲ့ရာ ကလေးသူငယ်နဲ့ အမျိုးသမီးတွေ အပါအဝင် ဒေသခံပြည်သူ ၂၀ ကျော် သေဆုံးခဲ့ပါတယ်။

စဉ့်ကူးနယ်ကို ၂၀၂၄ နှစ်လယ်ပိုင်းမှာ တော်လှန်ရေးတပ်တွေက သိမ်းပိုက်နိုင်ခဲ့ပြီး စဉ့်ကူးတနယ်လုံး စစ်အုပ်စု ကင်းစင်တာ တစ်နှစ်ကျော်ကြာမြင့်ခဲ့ပြီးနောက် စစ်အုပ်စုက တရုတ်အားကိုး၊ တရုတ်နဲ့ ရုရှားက ထောက်ပံ့ပေးတဲ့ လက်နက်အားကိုး၊ လေကြောင်းအားကိုးနဲ့ စဉ့်ကူးနယ်က စစ်ရှုံးနယ်မြေတွေ ပြန်ရရေး ကြိုးပမ်းနေတာ ဖြစ်ပါတယ်။

MFP ရဲ့ သတင်း၊ ဆောင်းပါးနဲ့ ရုပ်သံတွေကို ယူကျူ့နဲ့ ဝက်ဘ်ဆိုက်မှာလည်း ကြည့်နိုင်ပါတယ်။

Related Articles

Back to top button