မန္တလေးသတင်း

ပြည်ကြီးတံခွန်မြို့နယ်မှာ စစ်အုပ်စုခန့်အုပ်ချုပ်ရေးမှုးက တစ်အိမ်တစ်ယောက် လက်မှတ်ထိုးခိုင်းပြီး ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ စည်းရုံးရေးပွဲကို တက်ခိုင်း၊

အီသာရမ်/MFP ၊ ဒီဇင်ဘာ-၁၂

မန္တလေးတိုင်း၊ ပြည်ကြီးတံခွန်မြို့နယ်မှာ စစ်အုပ်စုလက်အောက်ခံ အုပ်ချုပ်ရေးမှုးက ဒီဇင်ဘာလ ၁၂ ရက် ဒီနေ့ နေ့လည် ၃ နာရီမှာ ပြုလုပ်ခဲ့တဲ့ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ဖွံ့ဖြိုးရေးပါတီ(USDP) စည်းရုံရေးပွဲကို တစ်အိမ်တစ်ယောက်နှုန်း တတ်ခိုင်းတာကြောင့် ဒေသခံတွေ သွားနေရတယ်လို့ဆိုပါတယ်။

ပြည်ကြီးတံခွန်မြို့နယ် (ဃ)ရပ်ကွက် အုပ်ချုပ်ရေးမှူး မောင်မှူး(ခ)မော်ကြီးက တစ်အိမ်‌တစ်ယောက် လက်မှတ်ထိုးခိုင်းပြီး USDP ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးရေးကို တတ်ခိုင်းခဲ့တာလို့ ပြည်ကြီးတံခွန်မြို့နယ်မှာ နေထိုင်တဲ့ ပြည်သူတစ်ဦးက ပြောပါတယ်။

“မသွားချင်ပဲ မသာပို့သလို ရုပ်တွေနဲ့သွားနေကြတာပဲ၊တစ်အိမ်တစ်ယောက်မလာမနေရ ရပ်ကွက်လူကြီးက တအိမ်ချင်းလာခေါ်တာ၊နာမည် အိမ်နံပါတ် ဖုန်းနံပါတ် လက်မှတ်ထိုးနဲ့ ဘာရယ်လို့ မသိရ မလာမနေရနဲ့ ၊ဘာအတွက်လည်းမေးတော့လည်း မပြောဘူး မနေ့ကထိုးရတာ၊အခု ၃ နာရီကျ ကြံခိုင်ရေးရုံးကို သွားရတာ ဘောက်တွေလည်းဖွင့်ထားတယ် ထောက်ခံပွဲတဲ့လေ”

စစ်အုပ်စုအုပ်ချုပ်ရေးမှူးကိုယ်တိုင် ပြည်သူတွေကို ဖိအားပေး ခြိမ်းခြောက်ကာ လက်မှတ်ထိုးခိုင်းခဲ့တာဖြစ်ပြီး အဲဒီထောက်ခံပွဲကို တတ်ရောက်ကြသူတွေရဲ့ စာရင်းကိုတော့ ထောက်ခံပွဲတတ်ရောက်သူတွေရဲ့အချက်အလက်တွေအဖြစ် အသုံးချနိုင်တယ်လို့ သူကဆိုပါတယ်။
အုပ်ချုပ်ရေးမှုးရဲ့ဖိအားပေးမှုကြောင့် မဲဆွယ်စည်းရုံးရေးပွဲကို ပြည်သူတစ်ရာနီးပါး တက်ရောက်ခဲ့ကြတယ်လို့လည်း ဆိုပါတယ်။

ပြည်ကြီးတံခွန်မြို့နယ် (ဃ) ရပ်ကွက်အုပ်ချုပ်ရေးမှူး မောင်မှူး(ခ)မော်ကြီးဟာ စစ်အာဏာသိမ်းပြီးနောက်မှ အုပ်ချုပ်ရေးမှုးဖြစ်လာသူ တစ်ဦးဖြစ်ပြီး စစ်ကိုင်းငလျင်ဖြစ်စဉ်မှာလည်း ငလျင်ကြောင့် ပြိုကျခဲ့တဲ့အဆောက်အဦးတွေကို ဖြိုချရာမှာ ငွေကြေးတောင်းခံမှုတွေ ရှိခဲ့တယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၈ ရက်ကလည်း စစ်ကိုင်းမြို့နယ် ချင်းစုရပ်ကွက်၊ အောင်ချမ်းသာဘုရားဝန်းအတွင်းကို ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ဖွံ့ဖြိုးရေးပါတီ(USDP)ပါတီက ငလျင်ဒဏ်သင့် ဒေသခံတွေကို ထောက်ပံ့ရေးပေးမယ်ဟုဆိုကာ ခေါ်ယူပြီးနောက် အမှန်တကယ်မထောက်ပံ့ဘဲ မဲဆွယ်စည်းရုံးဟောပြောပွဲသာ လုပ်သွားခဲ့တယ်လို့ မြို့ခံတွေက ပြောပါတယ်။

MFP ရဲ့ သတင်း၊ ဆောင်းပါးနဲ့ ရုပ်သံတွေကို ယူကျူ့နဲ့ တယ်လီဂရမ်မှာလည်း ကြည့်နိုင်ပါတယ်။

Related Articles

Back to top button