မန္တလေးသတင်း

မိုးကုတ်မြို့မှာ လူမနေထိုင်တဲ့ နေအိမ်တွေကနေ ပစ္စည်းတွေကို စစ်အုပ်စုယူဆောင်နေကြောင်း မြို့ခံတွေပြော၊

နန်းယု / MFP ၊ ဒီဇင်ဘာ – ၁၅

ရှမ်းပြည်မြောက်ပိုင်း မိုးကုတ်မြို့နယ်ကို တအာင်းအမျိုူသားလွတ်မြောက်ရေးတပ်မတော် (TNLA)နဲ့ တော်လှန်ရေးတပ်ဖွဲ့တွေ ဆုတ်ခွာသွားပြီးနောက် မြို့အတွင်းက ဒေသခံတွေရဲ့နေအိမ်တွေကို ဖောက်ထွင်းခိုးယူတာတွေရှိနေတယ်လို့ ဒေသခံတွေက MFP ကို ပြောပါတယ်။

နိုဝင်ဘာလ ၂၉ ရက်ကတည်းက ရာနဲ့ချီတဲ့ စစ်အုပ်စုတပ်သားတွေ မြို့ကို ၀င်ရောက်ထိန်းချုပ်ပြီးနောက် လူမနေထိုင်တဲ့ နေအိမ်နဲ့စျေးဆိုင်ခန်းတွေကို ဖောက်ထွင်းခိုးယူမှုတွေ ရှီနေတာဖြစ်ပါတယ်။

မြို့အတွင်းမှာ စစ်အုပ်စုတပ်သားတွေက လုံခြုံရေးအစောင့်အကြပ်နဲ့ ငွေကြေးအဆင်ပြေတဲ့ နေအိမ်တွေကို ဝင်ရောက်မွှေနှောက်ပြီး ဖောက်ထွင်းခိုးယူတာတွေ လုပ်ဆောင်နေတယ်လို့ ဒေသခံတွေရဲ့ ပြောကြားချက်ကိုတော့ MFP အနေနဲ့သီးခြား အတည်မပြုနိုင်သေးပါဘူး။

“လူမရှိတဲ့အိမ်တွေ၊ ပိုက်ဆံရှိတဲ့အိမ်တွေကိုပဲ ရွေးပြီး မွှေနှောက်တာပါ။ လက်နက်ကိုင် အစောင့် အကြပ်နဲ့ လာပြီး စိန်ပြေနပြေ ယူသွားကြတယ်။ ကျပ်ပြင်ဈေးထဲမှာ ဖွင့်ထားတဲ့ သူငယ်ချင်းရဲ့ ကုန်စုံဆိုင်ဆိုရင် သိန်း ၅၀၀၊ ၆၀၀ ဖိုးလောက် ပါသွားတယ်။ အခုက မခိုးတဲ့နေ့ မဖောက်တဲ့နေ့ မရှိတော့ဘူး” လို့ အမည်မဖော်လိုတဲ့ မိုးကုတ်မြို့ခံတစ်ဦးက ပြောပါတယ်။

လတ်တလောမှာတော့ ကျပ်ပြင်မြို့မရပ်ကွက်က နေအိမ် နှစ်လုံး၊ ကျပ်ပြင်ဈေး ဗလီအနီး နေအိမ် တစ်လုံး၊ တောင်ပေါ်ကုန်းတွင် နေအိမ် နှစ်လုံး၊ ဂေါင်းဦးဘာရွာတွင် နေအိမ် သုံးလုံးနဲ့ အနောက်ပိုင်းကျပ်ပြင် ပန်းမ ကျောက်သပိတ်ဒေသမှ နေအိမ် လေးလုံးစတဲ့ နေရာတွေက ဒေသခံတွေပိုင်ဆိုင်တဲ့ ဆိုင်ကယ်နဲ့ တန်ဖိုးကြီး ပစ္စည်းတွေကို ကားတွေနဲ့ ယူဆောင်သွားတာလို့ ဆိုပါတယ်။

ဒ့ါအပြင် တိုက်ပွဲတွေဆက်ရှိနေတဲ့ မိုးကုတ်မြို့မှာ စစ်အုပ်စုက လုံခြုံရေးလည်း တင်းကြပ်ထားပြီး ဖုန်းစစ်ဆေးတာ၊ မှတ်ပုံတင်စစ်ဆေးတာနဲ့ မြို့အတွင်းအသွားအလာကိုတောင် အထောက်အထား စာရွက်တွေ ယူဆောင်သွားနေရတယ်လို့ ဒေသခံတွေက ဆိုကြပါတယ်။

စစ်အုပ်စုတပ်ဖွဲ့တွေဟာ မိုးကုတ်မြို့ကို ဝင်ရောက်ပြီးနောက် ဆေးရုံ၊ ရဲစခန်းနဲ့ ဌာနဆိုင်ရာရုံးတွေမှာ အင်အားအလုံးအရင်းနဲ့ တပ်စွဲနေထိုင်နေပြီး မြို့အလယ်ဘောလုံးကွင်းမှာ ဟောင်ဝှစ်ဇာလက်နက်ကြီးတွေတက်ဆင်ထားပြီး စစ်ပြင်ထားတယ်လို့ ပြောပါတယ်။

၂၀၁၄ သန်းခေါင်စာရင်းအရ မြို့ပေါ်ရပ်ကွက်ငါးခုနဲ့ လူဦးရေတစ်သိန်းကျော်နေထိုင်တဲ့ မိုးကုတ်မြို့ကို ၁၀၂၇ စစ်ဆင်ရေး ဒုတိယပိုင်း ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ်မှာ TNLAနဲ့တော်လှန်ရေးပူးပေါင်းတပ်တွေက သိမ်းယူခဲ့တာ ဖြစ်ပါတယ်။

MFP ရဲ့ သတင်း၊ ဆောင်းပါးနဲ့ ရုပ်သံတွေကို ယူကျူ့နဲ့ တယ်လီဂရမ်မှာလည်း ကြည့်နိုင်ပါတယ်။

Related Articles

Back to top button