မန္တလေးသတင်း

တကောင်းဒေသကို ဂျက်ဖိုက်တာနဲ့ ဗုံးကြဲလို့ အမျိုးသမီးတစ်ဦး သေဆုံး၊

ထင်လင်း/MFP ၊ ဒီဇင်ဘာ – ၁၆

မန္တလေးတိုင်း၊သပိတ်ကျင်းမြို့နယ်၊တကောင်းဒေသကို ဒီဇင်ဘာလ ၁၆ရက် ဒီနေ့ ညနေ ၅ နာရီခန့်မှာ မိတ္ထီလာအခြေစိုက် ရှမ်းတဲလေတပ်ကနေ တက်လာတဲ့ ဂျက်ဖိုက်တာလေယာဉ်နဲ့ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ပြည်သူတစ်ဦး ထိမှန်သေဆုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒီနေ့တစ်ရက်ထဲမှာပဲ ဂျက်ဖိုက်တာတစ်စီးနဲ့ လေကြောင်းတိုက်ခိုက်မှု နှစ်ကြိမ် ပြုလုပ်ခဲ့တာဖြစ်ပြီး လတ်တလောမှာတော့ အဲဒီနေရာဟာ မြေပြင်မှာ တိုက်ပွဲဖြစ်ပွားနေတာမရှိဘဲ လာရောက်ဗုံးကြဲခဲ့တာလို့ ဒေသခံတွေက ပြောပါတယ်။

MFPအနေနဲ့ ဖုန်းနဲ့ဆက်သွယ်ရေးလိုင်း အခက်အခဲတွေကြောင့် အမျိုးသမီးတစ်ဦးသေဆုံးတယ်ဆိုတာကိုသာ ကနဦးစုံစမ်းရထားပြီး အသေးစိတ်အခြေအနေတွေကိုတော့ ဆက်လက်မေးမြန်းနေဆဲ ဖြစ်ပါတယ်။

“အမျိုးသမီး တစ်ယောက်သေတယ်”လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

တကောင်းဒေသကို အမျိုးသားညီညွတ်ရေးအစိုးရ(NUG)လက်အောက်ခံ တော်လှန်ရေးတပ်ဖွဲ့ တပ်ပေါင်းစုတွေက ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ် ဩဂုတ်လ ရှမ်းမန်းစစ်ဆင်ရေးမှာ ဒုတိယမြောက်သိမ်းယူခဲ့တာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ နိုဝင်ဘာလ ၃၀ ရက်နေ့ကလည်း တကောင်းမြို့ကို လေကြောင်းတိုက်ခိုက်မှု သုံးကြိမ် ပြုလုပ်တာကြောင့် အရပ်သား လေးဦးသေဆုံးကာ ကလေးငယ်တွေအပါအဝင် ပြည်သူ၆ဦး ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒ့ါအပြင် ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၁၁ ရက်ကလည်း သပိတ်ကျင်းမြို့နယ်၊ ကြာညှပ်တိုက်နယ်မှာရှိတဲ့ ရွှေစကာကျေးရွာက စစ်ဘေးရှောင်ပြည်သူတွေ ခိုလှုံနေထိုင်ရာ စာသင်ကျောင်းနဲ့ အရပ်သားနေအိမ်တွေကို စစ်အုပ်စုက ဒီဇင်ဘာ ၁၁ ရက် ညပိုင်းမှာ ဆူဆိုက်ဒရုန်းနဲ့ တိုက်ခိုက်ခဲ့တာကြောင့် ထိခိုက်ပျက်စီးမှုတွေ ရှိခဲ့ပါတယ်။

မန္တလေးတိုင်းထဲက မတ္တရာ၊ စဉ့်ကူးနဲ့ သပိတ်ကျင်းမြို့နယ်တွေမှာ စစ်အုပ်စုနဲ့ တော်လှန်ရေးတပ်ဖွဲ့တွေအကြား တိုက်ပွဲတွေပိုမိုပြင်းထန်လာနေတာကြောင့် ပြည်သူတွေအနေနဲ့ ဘေးအန္တရာယ်ကင်းရှင်းရေးဆိုင်ရာ အစီအမံတွေကြိုတင်ပြင်ဆင်ထားဖို့နဲ့ စစ်ရေးသတိရှိကြဖို့ ပြည်သူ့ကာကွယ်ရေးတပ်မတော် – မန္တလေး (MDY-PDF)က ပြီးခဲ့တဲ့လက အသိပေးထုတ်ပြန်ထားပါတယ်။

MFP ရဲ့ သတင်း၊ ဆောင်းပါးနဲ့ ရုပ်သံတွေကို ယူကျူ့နဲ့ တယ်လီဂရမ်မှာလည်း ကြည့်နိုင်ပါတယ်။

Related Articles

Back to top button