နန်းယု / MFP၊ ဒီဇင်ဘာ – ၁၇
မန္တလေးတိုင်း၊ မိုးကုတ်မြို့ ကျောက်လုပ်ကွက်တွေလုပ်ကိုင်နေတဲ့ ဂေါက်ကွင်းအနီးက ညောင်သုံးပင်ရွာမှာ အထိုင်စခန်းချနေတဲ့ စစ်အုပ်စုတပ်ဖွဲ့တွေကို မိုးကုတ်တော်လှန်ရေးတပ်ပေါင်းစုက ဒီဇင်ဘာ ၁၆ ရက် ညနေပိုင်းမှာ ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ မြို့ခံသတင်းအရင်းအမြစ်တွေက MFPကို ပြောပါတယ်။
ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်မှုကြောင့် စစ်အုပ်စုတပ်ဖွဲ့ဝင် တစ်ဦးသေဆုံးကာ သုံးဦးဒဏ်ရာရရှိခဲ့တယ်လို့ မြို့ခံတွေရဲ့ပြောဆိုချက်ကိုတော့ MFP အနေနဲ့ သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပါဘူး။
“မြို့ထဲမှာ အသံအကျယ်ကြီး ကြားရပေမယ့် ဘာဖြစ်တာလဲ မသိဘူး။ ဒီနေ့မနက်မှ ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်တာဆိုတာ သိရတယ်။ ဗုံးကြဲခံရတဲ့ ညောင်သုံးပင်ရွာက စစ်တပ်အထိုင်စခန်းက
မိုးကုတ်မြို့နဲ့ နီးပြီး ဂေါက်ကွင်းနဲ့ ကပ်ရပ်ရွာပဲ”လို့ မြို့ခံတစ်ဦးက ပြောပါတယ်။
ဒရုန်းတိုက်ခိုက်မှုနဲ့ ပတ်သက်ပြီး မိုးကုတ်တပ်ပေါင်းစုဘက်က အတည်ပြု ပြောကြားတာမျိုး မရှိသေးသလို MFPအနေနဲ့ သီးခြားအတည်မပြု နိုင်သေးပါဘူး။
ဗုံးကြဲတိုက်ခိုက်ခဲ့တဲ့ နေရာဟာ စစ်အုပ်စုမြို့ကို ပြန်သိမ်းပြီးနောက် စစ်ရေးတင်းမာမှုများ ဖြစ်ပွားနေတဲ့ နေရာတွေထဲက တစ်ခုဖြစ်ပြီး၊ ၁၀၂၇ စစ်ဆင်ရေး မတိုင်ခင်ကလည်း စစ်အုပ်စုက အင်အားအလုံးအရင်းနဲ့ တပ်စွဲနေထိုင်ခဲ့တဲ့ စခန်းဖြစ်တယ်လို့ ဆိုပါတယ်။ မိုးကုတ်မြိို့ကို စစ်အုပ်စုထိန်းချုပ်ထားတဲ့ နိုဝင်ဘာလ ၃၀ ရက်ကနေ ဒီဇင်ဘာလ ၁၇ ရက် ဒီနေ့အထိ မြို့ပတ်ပတ်လည်မှာ တိုက်ပွဲတွေ ဆက်ပြင်းထန်နေသလို ဘောလုံးကြီး၊ဘောလုံးလေးရွာဘက်က စစ်အုပ်စုစခန်းတစ်ခုကိုလည်း သိမ်းပိုက်ထားနိုင်တာ ဖြစ်ပါတယ်။
စစ်အုပ်စုတွေဟာ မိုးကုတ်မြို့ထဲကို ဝင်ရောက်ပြီးနောက် ဆေးရုံ၊ ကျောင်းကြီး၊ ဗိုလ်ပိန်းခြံတို့မှာ တင့်ကားနှစ်စီး တပ်စွဲထားသလို ဟောင်ဝှစ်ဇာလက်နက်ကြီးတွေ တပ်ဆင်နေပြီး ဒေါ်နန်းကြည်တောင်၊ ရဲစခန်းနဲ့ မြို့ဦးလွင်တို့မှာလည်း အင်အားအလုံးအရင်းနဲ့ တပ်စွဲထားတယ်လို့ ဒေသခံ သတင်းအရင်းအမြစ်တွေက ပြောပါတယ်။
ဂေါက်ကွင်းမှာရှိတဲ့ ကျောက်လုပ်ကွက်တွေအထဲက အသေးစား ကျောက်လုပ်ကွက်တွေကိုတော့ စစ်အုပ်စုဘက်က ညပိုင်းအချိန်တွေမှာ လုပ်ကိုင်ခွင့်ပေးထားပြီး တူးဖော်ရရှိထားတဲ့ ဗြုန်းတွေကိုတော့ ပြင်ပကို သယ်ဆောင်ခွင့် မပေးကြောင်း မြို့ခံတွေက ဆိုကြပါတယ်။
“စစ်တပ်ဘက်က ညပိုင်းမှာပဲ လုပ်ကိုင်ခွင့် ပေးထားတယ်လို့ ကြားရပြီး၊ ဗြုန်းကိုတော့ အပြင်မသယ်ခိုင်းဘူး”လို့ မြို့ခံတစ်ဦးက ပြောပါတယ်။
စစ်အုပ်စုလုပ်ကိုင်ခွင့် ပေးနေတဲ့ ကျောက်လုပ်ကွက်တွေဟာ တအာင်းအမျိုးသားလွတ်မြောက်ရေး တပ်မတော် (TNLA) က မြို့ကို ထိန်းချုပ်စဥ်ကလည်း မြို့ခံတချို့ကို အသေးစား လေးပင်တွင်း ကျောက်လုပ်ကွက်များ လုပ်ကိုင်ခွင့် ပြုထားတဲ့ နေရာတစ်ခုလည်း ဖြစ်ပါတယ်။
MFP ရဲ့ သတင်း၊ ဆောင်းပါးနဲ့ ရုပ်သံတွေကို ယူကျူ့နဲ့ တယ်လီဂရမ်မှာလည်း ကြည့်နိုင်ပါတယ်။



