မန္တလေးသတင်း

တောင်သာနယ် မိုးနှောင်းခင်းရွာကို စစ်အုပ်စုနဲ့ပျူစောထီးစစ်ကြောင်း စီးနင်းမီးရှို့နေ၊


တစ်လအတွင်း ကျေးရွာ ရှစ်ရွာက နေအိမ် ၂၀၀ ကျော်ကို စစ်အုပ်စု မီးရှို့ဖျက်ဆီးခံထာားရ

MN/MFP ၊ ဒီဇင်ဘာ – ၁၈

မန္တလေးတိုင်း၊ မြင်းခြံခရိုင် တောင်သာမြို့နယ်ထဲက မိုးနှောင်းခင်းကျေးရွာကို ဒီဇင်ဘာ ၁၈ ရက် ဒီကနေ့ မနက်ပိုင်း ၄ နာရီဝန်းကျင်က စတင်ကာ စစ်အုပ်စုနဲ့ပျူတွေ စစ်ကြောင်းဝင်ရောက် စီးနင်းပြီးနောက် နေအိမ်တွေကို မီးရှို့ဖျက်ဆီးနေတယ်လို့ ဒေသခံသတင်းရင်းမြစ်တွေက ပြောပါတယ်။

တောင်သာနယ်မြောက်ခြမ်း မြင်းခြံမြို့နဲ့ နွားထိုးကြီး အစပ်မှာရှိတဲ့ မိုးနှောင်းခင်းရွာကို ဝင်ရောက်တဲ့ စစ်ကြောင်းမှာ အင်အား ၁၅၀ ဝန်းကျင်ပါဝင်ပြီး တဲ့ စစ်အုပ်စုနဲ့ပျူစောထီးတွေက နေအိမ်တွေကို ဖောက်ထွင်းလုယက် မီးရှို့နေတာ ဖြစ်ပါတယ်။

“မိုးနှောင်းခင်းရွာကို မနက်အစောပိုင်းကတည်းက ရှို့နေတာ။ မီးခိုးတွေမြင်နေရတာ။ အခုထိ စစ်ကြောင်းက အဲဒီရွာထဲမှာပဲ ရှိနေသေးတယ်။ အခု စစ်ကြောင်းအနီးဝန်းကျင်မှာရှိတဲ့ ရွာတွေကတော့ ရှောင်နေကြရတယ်”

လက်ရှိမှာ စစ်အုပ်စုစစ်ကြောင်းဟာ မိုးနှောင်းခင်းကျေးရွာထဲမှာ ရှိနေဆဲဖြစ်တာကြောင့် မီးရှို့ဖျက်ဆီးခံရတဲ့ နေအိမ်အရေအတွက်ကိုတော့ အသေးစိတ် မသိရသေးပါဘူး။

မိုးနှောင်းခင်းရွာကို ဝင်ရောက်စီးနင်း မီးရှို့နေတဲ့ စစ်အုပ်စုနဲ့ပျုစောထီး ပူးပေါင်းစစ်ကြောင်းဟာ ဒီဇင်ဘာ ၁၅ ရက်မှာ မြင်းခြံအခြေစိုက် သံမဏိစက်ရုံကနေ ထွက်လာခဲ့တာဖြစ်ပြီး တောင်သာ၊ မြင်းခြံနဲ့ နွားထိုးကြီးစတဲ့ သုံးမြို့နယ်အစပ်မှာရှိတဲ့ ကျေးရွာတွေကို စီးနင်းလုယက်နေတာဖြစ်တယ်လို့ ဒေသခံတွေက ဆိုပါတယ်။

လက်ရှိမှာ စစ်အုပ်စု စစ်ကြောင်းထိုးမီးရှို့နေတာကြောင့် တောင်သာနယ်ထဲက မိုးနှောင်းခင်း၊ ပဲခင်းကျော်၊ မကြီးပင်တဲ၊ စံဦး၊ ဖက်တော၊ ကံဆင့်နဲ့ မြင်းခြံနယ်ထဲက ကျောက်တန်း၊ ဂွေးပင်ရိုး၊ တောင်ရှေ့၊ နွားထိုးကြီးနယ်ထဲက စိန်ပန်းကျင်း၊ သကန်၊ ညောင်ခြေပေါ်စတဲ့ကျေးရွာတွေက ဒေသခံ နှစ်ထောင်ခန့်ဟာ စစ်ဘေးတိမ်းရှောင်နေကြရတယ်လို့ စစ်ရှောင်တွေကို ကူညီပေးနေသူတစ်ဦးက ပြောပါတယ်။

“အခု စစ်ကြောင်းက တောင်သာ၊ မြင်းခြံ၊ နွားထိုးကြီး အစပ်က ရွာတွေကို စစ်ကြောင်းထိုးနေတာဆိုတော့ အရင်ကတည်းက ရေရှည်ရှောင်နေကြရတဲ့ ကျေးရွာတွေအပြင် ထပ်တိုးရှောင်ရတဲ့ ကျေးရွာတွေပါရှိလာတာ။ အခု စစ်ကြောင်းက တောင်သာနယ်ထဲက မိုးနှောင်းခင်းရွာကို မီးရှို့နေတာဆိုတော့ အနီးဝန်းကျင်ကရွာတွေ ရှောင်နေကြရတယ်”

တောင်သာမြို့နယ်ထဲမှာ အခုနှစ် နိုဝင်ဘာလကနေ ဒီနေ့အထိ တစ်လကျော်အတွင်းမှာ စစ်အုပ်စုနဲ့ ပျူစောထီးစစ်ကြောင်းတွေကြောင့် တမံကြီး၊ ဆည်ကုန်း၊ ညောင်တို၊ မြေဖြူကုန်း၊ ခြုံကြီး၊ အင်းတဲ၊ ပဲခင်းကျော်၊ မိုးနှောင်းခင်းစတဲ့ ကျေးရွာရှစ်ရွာက နေအိမ် နှစ်ရာကျော် မီးရှို့ဖျက်ဆီး ခံထားရတာကြောင့် မီးဘေးသင့်ပြည်သူတွေအတွက် အကူညီတွေလိုအပ်နေတယ်လို့ ဒေသခံတွေက ဆိုထားပါတယ်။

ဒီဇင်ဘာ ၂ ရက်က တောင်သာနယ်အရှေ့ခြမ်းက ပဲခင်းကျော်ရွာကို စစ်အုပ်စုနဲ့ပျူတွေ စီးနင်းလုယက်မီးရှို့ဖျက်ဆီးသွားခဲ့စဉ် (ဓာတ်ပုံ – CJ)⁩
MFP ရဲ့ သတင်း၊ ဆောင်းပါးနဲ့ ရုပ်သံတွေကို ယူကျူ့နဲ့ တယ်လီဂရမ်မှာလည်း ကြည့်နိုင်ပါတယ်။

Related Articles

Back to top button