MN/MFP ၊ ဒီဇင်ဘာ – ၂၃
မန္တလေးတိုင်း၊ မြင်းခြံနဲ့ နွားထိုးကြီးမြို့နယ်အတွင်းက ရွာသုံးရွာကို စစ်အုပ်စုတပ်နဲ့ပျုစောထီး ပူးပေါင်းစစ်ကြောင်းက ဒီဇင်ဘာ ၂၁ ရက်ကနေ ဒီနေ့အထိ ရွာစဉ်လှည့်စစ်ကြောင်းထိုးကာ ဒေသခံတချို့ကို ဖမ်းဆီးသတ်ဖြတ်ပြီး နေအိမ်တွေကို မီးရှို့နေတယ်လို့ ဒေသခံသတင်းအရင်းမြစ်တွေက MFPကို ပြောပါတယ်။
မြင်းခြံမြို့နယ်အထဲက တလုပ်၊ အိုင်းမရွာနဲ့ နွားထိုးကြီးမြို့နယ်အထဲက ခံစပ်ကုန်းစတဲ့ ရွာသုံးရွာကို စီးနင်းဝင်ရောက်ပြီးနောက် နေအိမ်တွေကို ဒီနေ့အထိ မီးရှို့ဖျက်ဆီးနေတာ ဖြစ်ပါတယ်။
ဒီဇင်ဘာလ ၂၁ ရက်မှာတော့ မြင်းခြံမြို့မြောက်ဘက်မှာ စစ်အုပ်စုအထိုင်ချထားတဲ့ တလုပ်မြို့ကျေးရွာက နေအိမ်တွေကို မီးရှို့ဖျက်ဆီးကာ ဒီဇင်ဘာလ ၂၂ ရက်မှာတော့ အိုင်းမရွာကို စီးနင်းဝင်ရောက်ပြီးနောက် ဓားစာခံအဖြစ် ဖမ်းဆီးထားတဲ့ ဒေသခံ ၁၀ ဦးထဲက တချို့ကို သတ်ဖြတ်လိုက်တယ်လို့ ဆိုပါတယ်။
ဒီဇင်ဘာလ ၂၃ ရက် ဒီနေ့မှာမနက်ပိုင်းမှာလည်း မြင်းခြံနယ် အိုင်းမရွာက နေအိမ်တွေကို စစ်အုပ်စုတပ်တွေ စီးနင်းလုယက်မီးရှို့နေသလို ဖမ်းဆီးခံထားရသူတွေလည်း ပြန်မလွှတ်သေးဘူးလို့ ဒေသခံသတင်းရင်းမြစ်တစ်ဦးက ပြောပါတယ်။
“တလုပ်(ရွာ)ကတော့ ဒီဇင်ဘာ ၂၁ ရက်က မီးရှို့တာ။ မနေ့ကတော့ အိုင်းမရွာကို မီးရှို့ပြီးတော့ ဒေသခံ ၁၀ ဦးလောက်အဖမ်းခံရတယ်။ ပြန်မလွတ်သေးဘူး။ သတ်ဖြတ်ခံရသူတွေလည်းရှိတယ်။ အသေးစိတ်တော့မသိရသေးဘူး။ မနေ့ညကလည်း ဂျိုင်ရိုကော်ပတာနဲ့ အိုင်းမရွာထဲ ဗုံးသီးချသွားသေးတယ်။ နောက်ပြီးတော့ မနေ့က နွားထိုးကြီးနယ်ထဲက ခံစပ်ကုန်း အရှေ့ရွာကိုလည်း သူတို့(စစ်အုပ်စု)တွေ မီးရှို့တယ်။ အိုင်းမရွာကတော့ ဒီကနေ့ထိ မီးရှို့နေတုန်းရှိသေးတယ်”
ဖမ်းဆီးခံထားရတဲ့ အိုင်းမရွာဒေသခံတွေကို စစ်အုပ်စုတပ်တွေ စတ်ဖြတ်လိုက်တယ်ဆိုတဲ့ ဒေသခံတွေရဲ့ ပြောဆိုချက်ကိုတော့ MFPအနေနဲ့ သီးခြားအတည်မပြု နိုင်သေးပါဘူး။
စစ်အုပ်စုတွေ မီးရှို့ဖျက်ဆီးခဲ့တဲ့ တလုပ်မြို့ကျေးရွာဟာ အိမ်ခြေ ၂,၀၀၀ ဝန်းကျင်ရှိတဲ့ ရွာကြီးတစ်ရွာဖြစ်ပြီး ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ်က ပထမတစ်ကြိမ်၊ ၂၀၂၅ ခုနှစ် ဩဂုတ်လမှာ ဒုတိယအကြိမ်၊ အခုတစ်ခေါက်မှာတော့ တတိယတစ်ကြိမ် မီးရှို့ဖျက်ဆီးခံရတာ ဖြစ်ပြီး နေအိမ် ၁၀၀ ကျော် မီးလောင်ပျက်စီးထားတာ ဖြစ်ပါတယ်။
ဒါ့အပြင် မြင်းခြံမြို့နယ်ထဲက စစ်အုပ်စုအထိုင်စခန်းတွေနဲ့ ပျူစောထီးစခန်းတွေဖြစ်တဲ့ ဆုံရွာစခန်း၊ မြင်းခြံမြို့အရှေ့ဘက် အမှတ် ၁၈ ဂိတ်စခန်း၊ ကန်ရွာပျူစခန်း၊ နွားထိုးကြီးနယ်ထဲက ကံနှောင်းရွာ စစ်အုပ်စုစခန်းစတဲ့နေရာတွေကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေက ဒီဇင်ဘာ ၂၁ ရက် မနက်ပိုင်းမှာ ဝင်ရောက်စီးနင်းတိုက်ခိုက်ခဲ့ရာ နှစ်ဖက်အကျအဆုံးတွေ ရှိခဲ့တယ်လို့ ဒေသခံတွေက ဆိုထားပါတယ်။
မြင်းခြံနဲ့ နွားထိုးကြီးမြို့နယ်ထဲက တိုက်ပွဲဖြစ်စဉ်တွေနဲ့ပတ်သက်ပြီး တော်လှန်ရေးတပ်ဖွဲ့တွေဘက်ကတော့ ဒီကနေ့ထိ သတင်းထုတ်ပြန်ထားတာ မရှိသေးပေမဲ့ ဆုံရွာပျူစခန်းတိုက်ပွဲမှာ တော်လှန်ရေးတပ်ဖွဲ့တွေဘက်က ရှစ်ယောက်ကျဆုံးပြီး လက်နက်ခဲယမ်းတွေပါ သိမ်းဆည်းရရှိခဲ့တယ်လို့ စစ်အုပ်စု ဝါဒဖြန့် တယ်လီဂရမ်ချန်နယ်တွေမှာ ရေးသားဖော်ပြနေတာ တွေ့ရပါတယ်။
မြင်းခြံနဲ့နွားထိုးကြီးနယ်ကို စစ်အုပ်စုတပ်တွေက စစ်ကြောင်းလိုက် လှည့်လည်နယ်မြေရှသ်းလင်းရေးတွေ လုပ်ဆောင်နေတာကြောင့် ကျေးရွာပေါင်း ၂၀ ကျော်က ဒေသခံ တစ်ထောင်ကျော်လည်း နေရပ်စွန့်ခွာ စစ်ရှောင်နေရပြီး အခက်အခဲတွေလည်း ကြုံနေရတယ်လို့ စစ်ဘေးရှောင်အရေး ကူညီနေသူတွေက ပြောပါတယ်။
ပြီးခဲ့တဲ့ ဩဂုတ်လအတွင်းကလည်း မြင်းခြံမြို့နယ်အရှေ့ခြမ်းနဲ့ နွားထိုးကြီးနယ် အနောက်ခြမ်းက ကျေးရွာတွေကို စစ်အုပ်စုနဲ့ သီတာယုမွန်ဦးဆောင်တဲ့ပျူစောထီးတွေ စစ်ကြောင်းထိုးမီးရှို့ကာ ဒေသခံတွေကို ဖမ်းဆီးသတ်ဖြတ်နေတာကြောင့် အမျိုးသား၊ အမျိုးသမီး စုစုပေါင်း ၃၀ ကျော် သေဆုံးကာ ရွာပေါင်း ၁၅ ရွာက အိမ်ခြေပေါင်း ၁၅၀၀ ကျော် မီးလောင်ပြာကျခဲ့ပါတယ်။
ပြီးခဲ့တဲ့ ဩဂုတ်လအတွင်းက မြင်းခြံမြို့နယ်ထဲက နေအိမ်တွေကို စစ်အုပ်စု မီးရှို့ဖျက်ဆီးခဲ့စဉ် (ပုံဟောင်း)
MFP ရဲ့ သတင်း၊ ဆောင်းပါးနဲ့ ရုပ်သံတွေကို ယူကျူ့နဲ့ တယ်လီဂရမ်မှာလည်း ကြည့်နိုင်ပါတယ်။



