စစ်ရေးအရ အချက်အချာကြတဲ့ ကုန်းတစ်ခုနဲ့ရွာတစ်ရွာကိုပါ တော်လှန်ရေးတပ်တွေ ပြန်လည်သိမ်းပိုက်ထား
နွေဦး/MFP၊ ဒီဇင်ဘာ ၆
မန္တလေးတိုင်း၊ မိုးကုတ်မြို့နယ်မှာ ဒီဇင်ဘာလ ၇ ရက်ကနေ ၂၄ ရက်နေ့အထိ ၁၈ ရက်အတွင်းမှာ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေအတွင်း စစ်အုပ်စုတပ်ဖွဲ့ဝင် ၁၈ ဦးမျက်မြင်သေဆုံးခဲ့ပြီး စစ်သုံ့ပန်းသုံးဦး ဖမ်းဆီးရမိခဲ့တယ်လို့ ဒီနေ့မှာ အမျိုးသားညီညွတ်ရေးအစိုးရ(NUG)က မိုးကုတ်-မိုးမိတ်စစ်ရေးအခြေအနေ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ စစ်အုပ်စုတပ်တွေအကြား တိုက်ပွဲကြီး ခြောက်ကြိမ်၊ တိုက်ပွဲငယ် ကိုးကြိမ်ဖြစ်ပွားခဲ့ပြီး ကျေးရွာတစ်ရွာနဲ့ ကုန်းတစ်ခုကို ပြန်လည်ထိန်းချုပ် နိုင်ခဲ့တယ်လို့ ဆိုပါတယ်။
စစ်အုပ်စုတပ်တွေရဲ့အုပ်ချုပ်မှု၊ ကွပ်ကဲမှု၊ ထောက်ပံ့မှု ရပ်ဝန်းတွေကို တော်လှန်ရေးတပ်ဖွဲ့တွေဘက်က အထူးစစ်ဆင်ရေးတွေ ဖော်ဆောင်ကာ အဆက်မပြတ် ထိုးနှက်နေတာကြောင့် ရန်သူတွေအနေနဲ့ ထိခိုက်ကျဆုံးမှုတွေလည်း ရှိနေတယ်လို့ ထုတ်ပြန်ချက်မှာ ရေးသားထားပါတယ်။
ဒါ့အပြင် အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ပြည်သူ့ကာကွယ်ရေးအဖွဲ့များ (ပကဖ)တွေအနေနဲ့ ပြည်သူနဲ့အတူ မိုးကုတ်နဲ့မိုးမိတ်မြို့ကို ပြန်ရရေးအတွက် ဆက်လက်တိုက်ပွဲဝင်သွားမယ်လို့ ဆိုပါတယ်။
မန္တလေးတိုင်း၊ မိုးကုတ်မြို့နယ်နဲ့ ရှမ်းပြည်နယ်မြောက်ပိုင်းက မိုးမိတ်ဒေသက စစ်အုပ်စုတပ်နဲ့ ဖြစ်ပွားနေတဲ့ စစ်ဆင်ရေးတိုက်ပွဲတွေကို စစ်ဆင်ရေးစစ်ဦးစီးအဖွဲ့ကနေ တိုက်ရိုက်ကွပ်ကဲနေတာဖြစ်ပါတယ်။
အဲဒီဒေသတွေကို အပစ်ရပ် သဘောတူညီချက်နဲ့ စစ်အုပ်စုလက်ထဲကို TNLA ပြန်ပေးပြီးနောက်ပိုင်း နိုဝင်ဘာ ၉ ရက်နေ့ကစပြီး ဒေသအတွင်း PDF အဖွဲ့တွေနဲ့ ပကဖအဖွဲ့တွေကို တစ်သတ်မတ်ထဲ အမိန့်ပေးကွပ်ကဲမှုအောက်ကနေ စစ်ဆင်ရေးတွေကို တိုက်ရိုက်ကြီးကြပ်နေတယ်လို့ ဆိုပါတယ်။
MFP ရဲ့ သတင်း၊ ဆောင်းပါးနဲ့ ရုပ်သံတွေကို ယူကျူ့နဲ့ တယ်လီဂရမ်မှာလည်း ကြည့်နိုင်ပါတယ်။



