စစ်ကြောင်းတွေကြောင့် ရွာပေါင်း ၃၀ ကျော်က ပြည်သူ တစ်ထောင်ကျော်လည်း ထွက်ပြေးတိမ်းရှောင်နေရပြီး အကူညီတွေလိုအပ်၊
MN/MFP ၊ ဇန်နဝါရီ – ၁၂
မန္တလေးတိုင်း၊ တံတားဦးမြို့နယ်မှာ ဇန်နဝါရီ ၅ ရက်ကစတင်ပြီး စစ်အုပ်စု စစ်ကြောင်းသုံးကြောင်းနဲ့ ရွေးကောက်ပွဲမလုပ်နိုင်တဲ့ ကျေးရွာတွေကို စစ်ကြောင်းထိုးကာ စီးနင်းလုယက်မီးရှို့နေတာကြောင့် ကျေးရွာပေါင်း ၃၀ ကျော်က ပြည်သူတစ်ထောင်ကျော် နေရပ်စွန့်ခွာ ထွက်ပြေးနေရတယ်လို့ ဒေသခံသတင်းရင်းမြစ်တွေက ပြောပါတယ်။
တံတားဦးမြို့နယ် ဧရာဝတီမြစ်ကမ်းဘေးက ကျေးရွာတွေဖြစ်တဲ့ ကူးတို့ဆိပ်၊ လက်ဆောင်ယူ၊ ဆင်တဲ၊ မြေငူ၊ ပုဏ္ဏားခြံကို စစ်ကြောင်းတစ်ကြောင်း၊ တံတားဦး-မြို့သာ ကားလမ်းဘေးက ကျေးရွာတွေကို စစ်ကြောင်းတစ်ကြောင်း၊ တံတားဦးနယ်တောင်ခြမ်း နွားထိုးကြီးနယ်အစပ်က ကျေးရွာတွေကို စစ်ကြောင်းတစ်ကြောင်းနဲ့ သုံးကြောင်းဖြန့်ခွဲကာ စီးနင်းလုယက်မီးရှို့နေတာဖြစ်ပါတယ်။
စစ်အုပ်စုတပ်ဟာ ဇန်နဝါရီ ၅ ရက်ကနေ ဒီကနေ့ထိ စစ်ကြောင်းသုံးကြောင်းနဲ့ ကျေးရွာတွေကို စီးနင်းလုယက်မီးရှို့နေတာကြောင့် ပေါက်မြိုင်၊ ပေါက်တော၊ တပယ်၊ ထောက်ရစ်၊ မြေငူ၊ ပုဏ္ဏားခြံ၊ လက်ဆောင်ယူ၊ စပါးတွင်း၊ ညောင်ပင်သာ၊ ရုန်းကန်၊ ညောင်ကန်၊ ချောင်းခွ၊ သမန်းကန်၊ ပြူကန်၊ ဖောင်းကားလေး၊ ပုဂံတီး၊ နွားခြံကြီးကုန်း၊ သစ်တော်ဖျား၊ အင်းကူး စတဲ့ ကျေးရွာပေါင်း ၃၀ ကျော်က ထောင်နဲ့ချီတဲ့ ဒေသခံပြည်သူတွေ စစ်ဘေးတိမ်းရှောင်နေကြရပြီး စားနပ်ရိက္ခာ၊ အနွေးထည်၊ စောင်၊ ဆေးဝါး စတဲ့ အရေးပေါ်အကူညီတွေ လိုအပ်နေတယ်လို့ စစ်ရှောင်တွေကို ကူညီပေးနေသူတစ်ဦးက ဆိုပါတယ်။
“တံတားဦးနယ်ထဲ စစ်ကြောင်းသုံးကြောင်းနဲ့ ရက်အလိုက်အကုန်ပတ်မွှေနေတာဆိုတော့ စစ်ဘေးရှောင်ရတဲ့ ရွာတွေက ၃၀ ကျော်လောက်ရှိတယ်။ အစားအသောက်၊ သောက်သုံးရေ၊ နေစရာ၊ အနွေးထည်၊ စောင်၊ အဲဒါတွေ အရေးပေါ်လိုအပ်နေပါတယ်။ စစ်ဘေးရှောင်တွေက စပါးတွင်းရွာက ၃၀၀ လောက်ရှိတယ်။ ပုဏ္ဏားခြံရွာက ၁၀၀ လောက်ရှိတယ်။ ကျန်းမာရေးမကောင်းတဲ့သူတွေလည်း ရှိပါတယ်။ စစ်ဘေးရှောင်တွေကို လာရောက်ကူညီလှူဒါန်းပေးကြဖို့လိုပါတယ်ဗျ”
ပြီးခဲ့တဲ့ရက်ပိုင်းမှာ စပါးတွင်းရွာကို စစ်အုပ်စု စီးနင်းဝင်ရောက်မီးရှို့ခဲ့တာကြောင့် နေအိမ် ၇၃ လုံး မီးလောင်ဆုံးရှုံးခဲ့ရပြီး မီးဘေးသင့် အိမ်ထောင်စု ၇၂ စုနဲ့ လူဦးရေ ၃၄၅ ဦးအပါဝင် စစ်ရှောင်ပြည်သူတွေအတွက် စားနပ်ရိက္ခာနဲ့ ဆေးဝါးစတဲ့ အရေးပေါ်အကူညီတွေ လိုအပ်နေတယ်လို့ တံတားဦးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့က ဇန်နဝါရီ ၉ ရက်မှာ သတင်းထုတ်ပြန်ထားပါတယ်။
တံတားဦးမြို့နယ် မြောက်ခြမ်းရှိကျေးရွာတွေကို ဝင်ရောက်စီးနင်းနေတဲ့ စစ်အုပ်စုစစ်ကြောင်းကတော့ ပုဏ္ဏားခြံကျေးရွာကို ဇန်နဝါရီ ၆ ရက်မှာ စစ်အုပ်စု အင်အား ၈၀ ကျော်နဲ့ ဝင်
ရောက်ပြီးနောက် နေအိမ်ခုနစ်လုံးကို မီးရှို့ဖျက်ဆီးခဲ့သလို ဇန်နဝါရီ ၇ ရက်မှာတော့ တံတားဦးနယ်တောင်ခြမ်းက စပါးတွင်းရွာကို ဝင်ရောက်စီးနင်းပြီးနောက် သံဃာတစ်ပါးနဲ့ အမျိုးသား တစ်ဦးကိုပါ ဖမ်းဆီးသတ်ဖြတ်သွားခဲ့တယ်လို့ ဒေသခံတော်လှန်ရေးသတင်းရင်းမြစ်က MFP ကို ပြောပါတယ်။
“တံတားဦးနယ်ထဲမှာ စစ်ကြောင်းသုံးကြောင်းနဲ့ အကုန်ပတ်မွှေနေတာ။ ဇန်နဝါရီ ၆ ရက်က ပုဏ္ဏားခြံရွာကို ရှို့သွားတာက နေအိမ် ခုနစ်လုံး လောင်သွားပါတယ်။ ဇန်နဝါရီ ၇ ရက်မှာတော့ စပါးတွင်းရွာက အမျိုးသား တစ်ဦးကို ပစ်သတ်ပြီးတော့ နွားထိုးကြီးဘက်ကနေ ဆေးကုပြန်လာတဲ့ ဘုန်းကြီးတစ်ပါးကို ပစ်သတ်ပြီးတော့ မီးရှို့သွားတယ်။ ဒီနေ့ထိ တံတားဦးနယ်ထဲမှာ စစ်ကြောင်း သုံးကြောင်းနဲ့ ရွာတွေကို အကုန်ပတ်မွှေနေတုန်းပါဗျ”
စစ်အုပ်စုတပ်ဟာ ပုဏ္ဏားခြံရွာကို စီးနင်းလုယက်မီးရှို့ပြီးနောက် ဒေသခံနှစ်ဦး ဖမ်းဆီးသွားခဲ့ပြီး ဒီနေ့အထိ ပြန်လွတ်မြောက်လာတာမျိုး မရှိသေးဘူးလို့ သူက ဆိုပါတယ်။ ဒါ့အပြင် တံတားဦးမြို့နယ်ဟာ ဇန်နဝါရီ ၁၁ ရက်က စစ်အုပ်စုဦးဆောင်ကျင်းပနေတဲ့ ရွေးကောက်ပွဲအပိုင်းနှစ်မှာ ပါဝင်နေပြီး ကျေးရွာအုပ်စု ၆၁ အုပ်စုရှိပေမဲ့ ၄၄ အုပ်စုမှာတော့ ရွေးကောက်ပွဲကျင်းပနိုင်တာမျိုး မရှိပါဘူး။
၂၀၁၄ သန်းခေါင်စာရင်းအရ တံတားဦးမြို့နယ်မှာ အိမ်ထောင်စု ၃၁,၃၃၅စုနဲလူဦးရေ ၁၄၄,၇၁၆ ဦးနေထိုင်ပြီး ဆန္ဒမဲပေးခွင့်ရှိသူ ဦးရေ ၁၀၈,၉၈၈ ဦးရှိတယ်လို့ စစ်အုပ်စုလက်အောက်ခံ ရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်ထားပါတယ်။
တံတားဦးနယ် စပါးတွင်းရွာကို စစ်အုပ်စု စီးနင်းလုယက်မီးရှိုခဲ့စဉ်။ Photo – တံတားဦး ပကဖ
MFP ရဲ့ သတင်း၊ ဆောင်းပါးနဲ့ ရုပ်သံတွေကို ယူကျူ့နဲ့ တယ်လီဂရမ်မှာလည်း ကြည့်နိုင်ပါတယ်။



