မန္တလေးသတင်း

မြင်းခြံ ပျူခေါင်းဆောင် သီတာယုမွန်ရဲ့ အမျိုးသား ဒုပျုခေါင်းဆောင်ကို မူးယစ်ဆေးဝါးတွေနဲ့အတူ တော်လှန်ရေးတပ်တွေ ဖမ်းဆီးရမိ၊

အမျိုးသားကို PDF တွေက ဖမ်းဆီးသွားလို့ ပျူခေါင်းဆောင် သီတာယုမွန် လူပျောက်ရှာပုံတော် ဖွင့်နေရတယ်လို့ ဆို၊

MN/MFP ၊ ဇန်နဝါရီ – ၁၄

မန္တလေးတိုင်း၊ မြင်းခြံမြို့က ပျူစောထီးခေါင်းဆောင် သီတာယုမွန်ရဲ့ အမျိုးသားဖြစ်သူ ပျူစောထီး ဒုခေါင်းဆောင် စိန်လွင်ကို မူးယစ်ဆေးဝါးတွေနဲ့အတူ မြင်းခြံခရိုင် အမှတ် -၃ တပ်ရင်းက ဇန်နဝါရီ ၁၄ ရက်မှာ ဖမ်းဆီးထိန်းသိမ်းနိုင်ခဲ့တယ်လို့ တပ်ရင်းတာဝန်ရှိသူက MFP ကို အတည်ပြုပြောပါတယ်။ 

မနေ့က ဇန်နဝါရီ ၁၄ ရက်မှာ မြင်းခြံ-ပုဂံညောင်ဦးသွား ကားလမ်းပေါ်မှာ သီတာယုမွန်ရဲ့ အမျိုးသားဖြစ်သူ ပျူစောထီး ဒုခေါင်းဆောင်ဟာ လက်အောက်ခံ ပျူတွေနဲ့အတူ အပန်းဖြေခရီးထွက်လာချိန်မှာ မူးယစ်ဆေးဝါးတွေနဲ့တူ မြင်းခြံခရိုင် တပ်ရင်း ၃ – တပ်ခွဲ ၂ က ဖမ်းဆီးရမိခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။

“မြင်းခြံ-ပုဂံညောင်ဦး လမ်းပေါ်မှာ ကျွန်တော်တို့ ရှောင်တခင် စစ်ဆေးရေးလုပ်တဲ့အချိန်မှာ သူက ပြည်သူပုံစံနဲ့ အပန်းဖြေခရီးထွက်လာတဲ့အချိန်မှာ ဖမ်းမိခဲ့တာပါ။ သူက(သီတာယုမွန်အမျိုးသား) သီတာယုမွန်ရဲ့အောက်က ပသစ(ပျူစောထီး)ဒုခေါင်းဆောင်ပါ။ သူ့ကို ဖမ်းမိတဲ့အချိန်မှာ ကားနဲ့အတူ မူးယစ်ဆေးတွေလည်း ပါပါတယ်ဗျ။ နောက်ပြီးတော့ ငွေသားအချို့လည်း ပါတယ်။ မူးယစ်ဆေးတွေကတော့ သူသုံးစွဲဖို့လို့တော့ ပြောပါတယ်။ အခု သီတာယုမွန်ဆိုတဲ့ လေးလုံးမကတော့ ယုန်တောင်ပြေး ခွေးမြောက်လိုက်လို ဖြစ်နေတာ။ သူ့ယောကျ်ား သွားလေ့သွားထရှိတတ်တဲ့နေရာတွေကို လိုက်ရှာနေတယ်။ လေကြောင်းက ဗုံးကြဲတာကလည်း သူရှိနိုင်မယ်ထင်တဲ့နေရာတွေကို လျှောက်ကြဲနေတာပါ။ အခု သီတာယုမွန်က နိုင်ငံတော်ကြီးထက် သူ့ယောကျ်ားကို ပြန်လိုချင်တော့ ရုန်းကန်နေရတဲ့ အနေအထားဖြစ်နေတာပေါ့”လို့ မြင်းခြံခရိုင် အမှတ် ၃ တပ်ရင်း၊ ဒုတပ်ရင်းမှူး မင်းသားကြီးက MFP ကို ပြောပါတယ်။

ဖမ်းဆီးရမိချိန်မှာလည်း WYအမှတ်တံဆိပ် စိတ်ကြွမူးယစ်ဆေးဝါး အလုံး ၂၀၀ ကိုလည်း လက်ဝယ်တွေ့ရှိထားပြီး စိန်လွင်နဲ့အဖွဲ့ဟာ ပုဂံညောင်ဦးကို အပန်းဖြေခရီးထွက်လာရာမှာ ဖမ်းဆီးရမိခဲ့တာလို့ တောင်သာတပ်ရင်းကလည်း ဒီနေ့ ထုတ်ပြန်ထားပါတယ်။

ပျူခေါင်းဆောင် သီတာယုမွန်ရဲ့ အမျိုးသားဖြစ်သူ ဒုပျူခေါင်းဆောင် စိန်လွင်ကို တော်လှန်ရေးတပ်ဖွဲ့တွေက ဖမ်းဆီးရမိချိန်မှာ မူးယစ်ဆေးဝါးတွေနဲ့အတူ လက်အောက်ခံ ပျူစောထီးအဖွဲ့တချို့အပါဝင်  အမျိုးသမီးနှစ်ဦးကိုပါ ဖမ်းဆီးရမိခဲ့တယ်လို့လည်း MFP က သီးခြားစုံစမ်းရပါတယ်။ 

လက်ရှိမှာ ပျူခေါင်းဆောင် သီတာယုမွန်က သူ့ရဲ့အမျိုးသားဖြစ်တဲ့ ပျူဒုခေါင်းဆောင် စိန်လွင် သွားလာတတ်တဲ့ စားသောက်ဆိုင်တွေကို လိုက်လံရှာဖွေတာနဲ့ တော်လှန်ရေးတပ်ဖွဲ့တွေ ဖမ်းဆီးထားနိုင်တဲ့ နေရာတွေကို လေကြောင်းကနေ ဗုံးလိုက်လံကြဲနေတယ်လို့လည်း ဒေသခံသတင်းရင်းမြစ်တွေက ပြောဆိုထားပါတယ်။

မြင်းခြံခရိုင်ထဲမှာ သီတာယုမွန်ဦးဆောင်တဲ့ ပျူတွေက ကျေးရွာတွေကို စစ်ကြောင်းထိုး စီးနင်းလုယက် မီးရှို့တာ၊ ဒေသခံတွေကို ဖမ်းဆီးသတ်ဖြတ်တာ၊ လက်နက်ကြီးနဲ့ပစ်ခတ်တာတွေ မကြာခဏ ကျူးလွန်နေတာဖြစ်တာကြောင့် သီတာယုမွန်ကို လက်ရဖမ်းဆီးနိုင်ဖို့ တော်လှန်ရေးတပ်ဖွဲ့တွေဘက်က ကြိုးစားနေတာဖြစ်ပြီး လက်ရှိမှာ သီတာယုမွန်ကို မဖမ်းဆီးနိုင်သေးပေမဲ့ သူ့ရဲ့ အမျိုးသားဖြစ်သူ ပျူစောထီး ဒုခေါင်းဆောင်ကို သူ့ရဲ့အပေါင်းအပါ လေးဦးနဲ့အတူ ဖမ်းဆီးရမိခဲ့တာလည်း ဖြစ်ပါတယ်။

ဓာတ်ပုံ- တောင်သာတပ်ရင်း

MFP ရဲ့ သတင်း၊ ဆောင်းပါးနဲ့ ရုပ်သံတွေကို ယူကျူ့နဲ့ တယ်လီဂရမ်မှာလည်း ကြည့်နိုင်ပါတယ်။ 

Related Articles

Back to top button