မန္တလေးသတင်း

မိုးကုတ်မှာ ရှော့တိုက်ဒုန်းနဲ့လက်နက်ကြီးတွေ လူနေရပ်ကွက်ထဲ ကျရောက်ပေါက်ကွဲလို့ ပြည်သူသုံးဦးသေဆုံး၊ တစ်ဦးဒဏ်ရာရ

နန်းယု/MFP၊ ဇန်နဝါရီ – ၂၂

မန္တလေးတိုင်း၊ မိုးကုတ်မြို့နယ်မှာ ဇန်နဝါရီလ ၂၂ ရက် ဒီနေ့မှာ တော်လှန်ရေးတပ်ဖွဲ့တွေနဲ့စစ်အုပ်စုတို့ တိုက်ပွဲဖြစ်ပွားခဲ့ပြီး ရှော့တိုက်ဒုန်းနဲ့လက်နက်ကြီးကျည်တွေကြောင့် ပြည်သူသုံးဦး သေဆုံးကာ တစ်ဦးဒဏ်ရာရခဲ့တယ်လို့ မိုးကုတ်မြို့ခံတွေက MFP ကို ပြောပါတယ်။

မိုးကုတ်မြို့အရှေ့ပိုင်းကို စစ်အုပ်စုတပ်က လက်နက်ကြီးသုံးလုံး ပစ်ခတ်ရာမှာ စစ်တန်းကုန်းရပ်ကွက်၊ စစ်တန်းကုန်းလမ်းဆုံအနီးက လက်ဖက်ရည်ဆိုင်နားကို တစ်လုံးကျရောက် ပေါက်ကွဲခဲ့တာကြောင့် ပြည်သူသုံးဦး သေဆုံးခဲ့တာလို့ ဒေသခံတွေက ပြောပါတယ်။

“ စစ်တန်းကုန်းလမ်းဆုံနားမှာ စစ်တပ်ရဲ့ မိုးကုတ်ဗျူဟာကုန်းတို့ ရဲစခန်းတို့၊ ထွေအုပ်ရုံးတို့ အဲဒီနားတစ်ဝိုက်မှာ ရှိတာ၊ ထွေအုပ်ရုံးကို မထိဘဲနဲ့ အဲဒီနားက လက်ဖက်ရည်ဆိုင်နားကို ကျတယ်ပြောတယ်။ အဲဒီလက်ဖက်ရည်ဆိုင်က လက်ဖက်ရည်ဖျော်တဲ့ သူရယ် နောက်နှစ်ယောက် သေတယ် ပြောတယ်။ တစ်ယောက်က ခေါင်းပွင့်တယ်။ တစ်ယောက်က ကျောပွင့်သွားတယ် ” လို့ အဲဒီအခြေအနေကိုသိတဲ့ မိုးကုတ်မြို့ခံ တစ်ဦးက ပြောပါတယ်။

သေဆုံးသူသုံးဦးအထဲမှာ လမ်းသွားလမ်းလာ ပြည်သူနှစ်ဦးနဲ့ လက်ဖက်ရည်ဖျော်ဆရာတစ်ဦးပါဝင်ပြီး လက်နက်ကြီးအစ ထိမှန်ခဲ့တဲ့နေရာမှာပဲ သေဆုံးသွားသလို စစ်အုပ်စုတပ်က လမ်းသွားလမ်းလာပြည်သူတွေကို လုံခြုံရေးစစ်ဆေးကာ တင်းကြပ်နေတယ်လို့ ဆိုပါတယ်။

အလားတူ မိုးကုတ်မြို့နယ် အနောက်ပိုင်းက ဆေးရုံအနီးကိုလည်း ရှော့တိုက်ဒုန်း သုံးလုံးထက်မနည်း ကျရောက်ပေါက်ကွဲခဲ့တာကြောင့် အရပ်သားတစ်ဦး ပြင်းထန်ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

တော်လှန်ရေးတပ်ဖွဲ့တွေက စစ်အုပ်စုတွေ တပ်စွဲထားတဲ့ စခန်းတွေကို ဒရုန်းတွေနဲ့ ရှော့တိုက်ဒုန်းတွေ အသုံးပြုပြီး ပစ်ခတ်ခဲ့တာရှိပေမဲ့ စစ်အုပ်စုတပ်သားတွေရဲ့ထိခိုက်ဒဏ်ရာရတဲ့ အခြေအနေ အသေးစိတ်ကိုတော့ MFPအနေနဲ့ သီးခြားအတည်မပြုနိုင်ပါဘူး။ 

“ အထိုင်ချတဲ့နေရာတွေကို ရှော့တိုက်ဒုံးနဲ့ ပစ်တာ၊ စခတွေကတော့ ဘယ်ကိုပစ်မှန်း မသိဘူး။ စခတွေကတော့ ရမ်းပြီး ပြန်ပစ်။ အနောက်ပိုင်း ကျပ်ပြင်မှာ လက်နက်ကြီးတွေ နေရာအနှံ့ ဆင်ထားတာ ခုမနက်ကတော့ ဆေးရုံထဲကနေပစ်နေတာ ” လို့ မိုးကုတ်မြို့ခံ တစ်ဦးက ပြောပါတယ်။

စစ်အုပ်စုတပ်ဟာ တရုတ်နိုင်ငံကြားဝင် အကျပ်ကိုင်ဖိအားမှုကြောင့် မိုးကုတ်နဲ့မိုးမိတ်မြို့နယ်တို့ကို တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်(TNLA) ထံကနေ လက်လွှဲယူခဲ့ပြီးနောက် ပြီးခဲ့တဲ့ရက်ပိုင်းကပဲ မိုးကုတ်မြို့ကို Non-CDMဝန်ထမ်း ရာနဲ့ချီကို ခေါ်ဆောင်ကာ မြို့အုပ်ချုပ်ရေးစတင်ဖို့ ကြိုးပမ်းနေတာ ဖြစ်ပါတယ်။

မန္တလေးတိုင်း၊ မိုးကုတ်မြို့နယ်နဲ့ ရှမ်းပြည်နယ်မြောက်ပိုင်းက မိုးမိတ်မြို့နယ်တို့မှာ စစ်အုပ်စုတပ်နဲ့ ဖြစ်ပွားနေတဲ့ စစ်ဆင်ရေးတိုက်ပွဲတွေကို  စစ်ဆင်ရေးစစ်ဦးစီးအဖွဲ့ကနေ တိုက်ရိုက်ကွပ်ကဲနေတာဖြစ်ပါတယ်။

နှစ်ဘက်တိုက်ပွဲတွေရှိနေတဲ့ ဒီဇင်ဘာလ ၇ ရက်ကနေ ၂၄ ရက်နေ့အထိ ၁၈ ရက်တာ တိုက်ပွဲအတွင်းမှာ စစ်အုပ်စုတပ်ဖွဲ့ဝင် ၁၈ ဦးသေဆုံးခဲ့ပြီး စစ်ရေးအရ အချက်အချာကြတဲ့ ကုန်းတစ်ခုနဲ့ရွာတစ်ရွာကိုပါ တော်လှန်ရေးတပ်တွေ ပြန်လည်သိမ်းပိုက်ထားတယ်လို့ NUGရဲ့မိုးကုတ်-မိုးမိတ်စစ်ရေးအခြေအနေ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

MFP ရဲ့ သတင်း၊ ဆောင်းပါးနဲ့ ရုပ်သံတွေကို ယူကျူ့နဲ့ တယ်လီဂရမ်မှာလည်း ကြည့်နိုင်ပါတယ်။

Related Articles

Back to top button