မန္တလေးသတင်း

မင်းအောင်လှိုင် တည်းခိုနေတဲ့ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်ကို တော်လှန်ရေးအင်အားစုတွေက ရှော့တိုက်ဒုံးတွေနဲ့ ပစ်ခတ်တိုက်ခိုက်၊

MN/MFP ၊ ဇန်နဝါရီ – ၂၇

အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင် တည်းခိုရောက်ရှိနေတဲ့ မန္တလေးမြို နန်းတွင်းထဲက အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် – လပခ ကို ဇန်နဝါရီ ၂၇ ရက် ဒီနေ့မနက် ၄ နာရီခွဲဝန်းကျင်မှာ ရှော့တိုက်ဒုံး ငါးလုံးနဲ့ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ Brave Warriors for Myanmar – BWM က သတင်းထုတ်ပြန်ပါတယ်။

ဒီတိုက်ခိုက်မှုကိုတော့ Brave Warriors for Myanmar – BWM အဖွဲ့က ဦးဆောင်ကာ No More Dictatorship (NMD-PDF) အဖွဲ့၊ Shadow (Mandalay) အဖွဲ့နဲ့ Infinity (အညာ) အဖွဲ့တို့ပူးပေါင်းလုပ်ဆောင်ခဲ့တာဖြစ်ပြီး အာဏာသိမ်း စစ်ခေါင်းဆောင် ခေတ္တဝင်ရောက်တည်းခိုနေတဲ့ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် – လပခ အတွင်းသို့ ၁၀၇ မမ ရှော့တိုက်ဒုံးငါးလုံး ပစ်ခတ်တိုက်ခိုက်ခဲ့ရာမှာ သုံးလုံးကျရောက်ပေါက်ကွဲခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဆိုထားပါတယ်။

“အာဏာသိမ်း စစ်ရှုံးခေါင်းဆောင် မင်းအောင်လှိုင်သည် မန္တလေးမြို့ရှိ အတုအယောင် ရွေးကောက်ပွဲ ကျင်းပရာ မဲရုံများဆီသို့ သွားရောက်ကြည့်ရှုရင်း အပြန်တွင် ဗေဒင်ကိန်းခန်းများအရ ယတြာချေရန်အတွက် အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်-လပခ အတွင်း ခေတ္တဝင်ရောက်တည်းခိုနေကြောင်း သတင်းရရှိပါသည်။ မင်းအောင်လှိုင်သည် ဇန်နဝါရီ ၂၇ ရက် မနက် ၄ နာရီ ၄၁ မိနစ်အချိန်တွင် မန္တလေး မင်းဝတ်တန်ဆာများဝတ်ဆင်ကာ မန္တလေးနန်းတော်အဝင် မင်္ဂလာတံတားမှနေ၍ ပြည်တော်ဝင်မည့် ယတြာချေရန်ရှိသည်ဟု သတင်းရရှိသည့်အတွက် ကျွန်ုပ်တို့အဖွဲ့များအနေဖြင့် ညတွင်းချင်းစီစဉ်ပြီး ရန်သူကို ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်”လို့ ထုတ်ပြန်ထားပါတယ်။

ဒါ့အပြင် အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်-လပခ အတွင်းကို ရှော့တိုက်ဒုံးသုံးလုံး ကျရောက်ပေါက်ကွဲခဲ့ရာမှာ စစ်တိုင်းမှူးအိမ်ထိမှန်ခဲ့ပေမဲ့ ရန်သူထိခိုက်သေဆုံးမှု အခြေအနေအသေးစိတ်ကို ဆက်လက်စုံစမ်းနေဆဲ ဖြစ်တယ်လို့ BWM ကဆိုထားပါတယ်။

ပြီးခဲ့တဲ့ ဒီဇင်ဘာ ၂၈ ရက်ကလည်း ရွေးကောက်ပွဲကို ကန့်ကွက်ဆန့်ကျင်တဲ့အနေနဲ့အလယ်ပိုင်းတိုင်း စစ်ဌာနချုပ်ကို ရှော့တိုက်ဒုံးတွေ ပစ်ခတ်တိုက်ခိုက်ရာမှာ စစ်အုပ်စုဘက်က လက်နက်ကြီးနဲ့ ပြန်လည်ပစ်ခတ်ခဲ့တာကြောင့် ရပ်ကွက်ထဲကျရောက်ပေါက်ကွဲပြီး ပြည်သူ နှစ်ဦး ထိခိုက်ဒဏ်ရာတွေ ရရှိခဲ့ပါသေးတယ်။

ဓာတ်ပုံ – Brave Warriors for Myanmar – BWM
MFP ရဲ့ သတင်း၊ ဆောင်းပါးနဲ့ ရုပ်သံတွေကို ယူကျူ့နဲ့ တယ်လီဂရမ်မှာလည်း ကြည့်နိုင်ပါတယ်။
#Mandalay_Free_Press_MFP
#အညာ #စစ်ကိုင်း #မန္တလေး #မကွေး

Related Articles

Back to top button