MN/MFP ၊ ဇန်နဝါရီ – ၂၉
မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်အနောက်ခြမ်းက ကျေးရွာတွေကို ဇန်နဝါရီ ၁၇ ရက်ကနေ ၂၉ ရက်ထိ စစ်ကြောင်းထိုး စီးနင်းလုယက်မီးရှို့နေတဲ့ စစ်အုပ်စုနဲ့ သီတာယုမွန်ဦးဆောင်တဲ့ ပျူစောထီးအဖွဲ့တွေက ဒေသခံ ၁၀ ဦးထက်မနည်းကို ဖမ်းဆီးထားပြီး ဒီနေ့ထိ ပြန်လွှတ်မပေးသေးဘူးလို့ နယ်မြေခံ သတင်းရင်းမြစ်တွေက MFP ကို ပြောပါတယ်။
မြင်းခြံမြို့ပေါ်မှာ ဇန်နဝါရီ ၂၅ ရက်က ပြုလုပ်ခဲ့တဲ့ အတုယောင်ရွေးကောက်ပွဲကို အကြောင်းပြကာ မြို့နဲ့ထိစပ်နေတဲ့ ဧရာဝတီမြစ်ကမ်းနံဘေးက ကျေးရွာတွေကို ရွေးကောက်ပွဲမတိုင်မီ ဇန်နဝါရီ ၁၇ ရက်ကတည်းက စစ်အုပ်စုနဲ့ ပျူစောထီးအဖွဲ့တွေက စီးနင်းလုယက်မီးရှို့တာနဲ့ ဒေသခံတွေကို ဖမ်းဆီးသတ်ဖြတ်မှုတွေ ကျူးလွန်လုပ်ဆောင်နေတာ ဖြစ်ပါတယ်။
မြင်းခြံမြို့အနောက်ခြမ်းက ကျေးရွာတွေကို စစ်အုပ်စုနဲ့ သီတာယုမွန်ဦးဆောင်တဲ့ ပျူစောထီးအဖွဲ့တွေ ဇန်နဝါရီ ၁၇ ရက်က စစ်ကြောင်းထိုးဝင်ရောက်ပြီးနောက် နတ်ညွှန်းရွာက ဒေသခံအချို့ကို ဖမ်းဆီးကာ စစ်ကြောင်းနဲ့အတူ ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ ဆိုပါတယ်။
အဲဒီစစ်ကြောင်းဟာ ဇန်နဝါရီလ ၂၀ ရက်မှာတော့ သင်္ဘောတင်ကျေးရွာကို ဝင်ရောက်စီးနင်းပြီးနောက် ငါးတန်း(ပဥ္စမတန်း)တက်ရောက်နေတဲ့ ကျောင်းသူတစ်ဦးကို ဇန်နဝါရီ ၂၂ ရက် မနက်ပိုင်းက သေနတ်နဲ့ပစ်သတ်ခဲ့ပြီး ဒေသခံအမျိုးသား ရှစ်ဦးကိုပါ ထပ်မံဖမ်းဆီးသွားခဲ့တယ်လို့ ဒေသခံသတင်းရင်းမြစ်တစ်ဦးက ပြောပါတယ်။
“နတ်ညွှန်းရွာက စစ်ကြောင်းစဝင်တဲ့အချိန်မှာ မီးရှို့ခံရတယ်။ ပတ္တာရွာကတော့ နှစ်ရက်ဆက်တိုက် ရွာလုံးကျွတ်နီးပါးပဲ မီးရှို့ခံလိုက်ရတယ်။ မြင်းခြံအနောက်ဖက်က ပတ္တာရွာနဲ့ သင်္ဘောတင်ရွာတွေကို စစ်ကြောင်းဆက်ထိုးတဲ့အချိန်မှာ တောထဲမှာ တောင်ယာလုပ်နေတဲ့ ဒေသခံတွေ ၁၀၀ ကျော်လောက် လူသားဒိုင်းဖမ်းဆီးပြီး စစ်ကြောင်းထိုးတာ။ နတ်ညွှန်းရွာကလည်း စစ်ကြောင်းဝင်လာတဲ့အချိန် အဖမ်းခံရတာတွေရှိတယ်။ ဘယ်လောက်ဖမ်းခံရတယ်ဆိုတာ အတိကျတော့ မသိရဘူး။ သင်္ဘောတင်ရွာကတော့ ကျောင်းသူလေး ပစ်သတ်ခံရတဲ့နေ့မှာပဲ ရွာသား ရှစ်ယောက် အဖမ်းခံလိုက်ရတယ်။ ပြန်မလွတ်လာကြသေးဘူး”
မြင်းခြံနယ်အနောက်ခြမ်းကို စစ်ကြောင်းထိုးနေတဲ့ စစ်အုပ်စုနဲ့ပျူတွေက ဇန်နဝါရီ ၁၉ ရက်မှာ သင်္ဘောတင်ကျေးရွာကို စစ်ကြောင်းထိုးလာချိန် တောထဲမှာ တောင်ယာလုပ်ကိုင်နေတဲ့ ဒေသခံ ၁၀၀ ကျော်ကို လူသားဒိုင်းအဖြစ်ဖမ်းဆီးခေါ်ဆောင်ခဲ့ပြီးနောက် သင်္ဘောတင်ကျေးရွာကို ရောက်ချိန်မှာ အကုန်ပြန်လွှတ်ပေးခဲ့တယ်လို့ သူကဆိုပါတယ်။
တောင်ယာလုပ်ကိုင်နေတဲ့ ဒေသခံတွေကို ပြန်လွှတ်ပေးခဲ့ပေမဲ့ နတ်ညွှန်းကျေးရွာနဲ့ သင်္ဘောတင်ကျေးရွာမှာ စစ်ကြောင်းဝင်လာချိန် ဖမ်းဆီးခံခဲ့ရတဲ့ ဒေသခံတွေကတော့ ဒီကနေ့ ဇန်နဝါရီ ၂၉ ရက်ထိ ဆက်လက်ဖမ်းဆီးခံထားရပြီး စစ်အုပ်စုက ပြန်လွှတ်မပေးသေးဘူးလို့ ဒေသခံတွေက ပြောပါတယ်။
မြင်းခြံမြို့အနောက်ခြမ်းက ကျေးရွာတွေကို ၁၀ ရက်ကျော်ကြာ စစ်ကြောင်းထိုးနေတဲ့ စစ်အုပ်စုနဲ့ပျူတွေဟာ ဇန်နဝါရီ ၁၇ ရက်ကနေ ဒီနေ့ ၂၉ ရက်ထိ စီးနင်းလုယက်မီးရှို့နေပြီး မြို့အနီးက ကျေးရွာတွေထဲမှာ အထိုင်ချတပ်စွဲထားဆဲဖြစ်တယ်လို့ ဒေသခံ သတင်းရင်းမြစ်က ပြောပါတယ်။
“အခု စစ်ကြောင်းက မြင်းခြံမြို့အနောက်ဖက် ရွာတွေထဲမှာပဲ ရှိနေသေးတယ်၊ ပြန်မထွက်သေးဘူး။ ပတ္တာနဲ့ သင်္ဘောတင်ရွာထဲမှာ အထိုင်ချထားတယ်။ စစ်ကြောင်းကနေ ဖမ်းဆီးထားတဲ့ ဒေသခံတွေလည်း ပြန်မလွှတ်ပေးသေးဘူး။ လွတ်လာတယ်လို့လည်း မကြားရသေးဘူးဗျ”
စစ်အုပ်စုတပ်ဟာ မြင်းခြံမြို့အနောက်ခြမ်းက ကျေးရွာတွေကို ဇန်နဝါရီ ၁၇ ရက်ကနေ ဒီနေ့ထိ ဒေသခံပြည်သူတွေကို လူသားဒိုင်းဖမ်းဆီးကာ စစ်ကြောင်းထိုး စီးနင်းလုယက်
မီးရှို့နေတာဖြစ်ပြီး အိမ်ခြေ ၆၀၀ ဝန်းကျင်ရှိတဲ့ ပတ္တာရွာ(အရှေ့-အနောက်)လည်း စစ်အုပ်စုလက်ချက်နဲ့ ရွာလုံးကျွတ်နီးပါး မီးလောင်ပျက်စီးသွားတယ်လို့ ဒေသခံတွေက ဆိုထားပါတယ်။
မြင်းခြံမြို့နယ်ထဲမှာ စစ်အုပ်စုက ဧရာဝတီမြစ်ကမ်းဘေးတလျှောက် ကျေးရွာတွေကို စစ်ကြောင်းထိုး စီးနင်းလုယက်မီးရှို့နေဆဲဖြစ်တာကြောင့် နတ်ညွှန်း၊ ဒါးကျွန်း၊ သဲဖြူဝ၊ ပြည်တော်သာ၊ တန်ဆောင်း၊ ပတ္တာ၊ သင်္ဘောတင်၊ ဒေါင့်သစ်၊ လေးဖြတ်ခုံ၊ အောင်ပြည်စိုး စတဲ့ ကျေးရွာပေါင်း ၁၀ ကျော်က ထောင်နဲ့ချီတဲ့ ဒေသခံပြည်သူတွေ ထွက်ပြေးတိမ်းရှောင်နေကြရပြီး စားနပ်ရိက္ခာ၊ အမိုးအကာ၊ စောင်၊ အနွေးထည်၊ ဆေးဝါး စတဲ့ အရေးပေါ်အကူညီတွေ လိုအပ်နေတယ်လို့ စစ်ရှောင်တွေကို ကူညီပေးနေသူတွေက ဆိုထားပါတယ်။
ဓာတ်ပုံ – CJ၊ မြင်းခြံမြို့ အနောက်ခြမ်း ဧရာဝတီမြစ်ကမ်းဘေးက ပတ္တာရွာနဲ့ နတ်ညွှန်းရွာတွေကို စစ်အုပ်စုတွေ မီးရှို့ဖျက်ဆီးနေစဉ်။
MFP ရဲ့ သတင်း၊ ဆောင်းပါးနဲ့ ရုပ်သံတွေကို ယူကျူ့နဲ့ တယ်လီဂရမ်မှာလည်း ကြည့်နိုင်ပါတယ်။
#Mandalay_Free_Press_MFP
#အညာ #စစ်ကိုင်း #မန္တလေး #မကွေး



