စစ်ကိုင်းသတင်း

ဆီးမီးသပိတ် လေကြောင်းဗုံးကြဲခံရမှုမှာ ထိခိုက်ဒဏ်ရာရရှိသူတွေအတွက် သွေးနဲ့ဆေးဝါး အရေးပေါ်အကူညီ လိုအပ်နေ

MN/MFP ၊ အောက်တိုဘာ – ၇


စစ်ကိုင်းတိုင်း၊ မုံရွာနဲ့ ချောင်းဦးနယ်အစပ်မှာ သီတင်းကျွတ်လပြည့်နေ့ညက ဆီမီးထွန်းပွဲနဲ့ စစ်အာဏာရှင်ဆန့်ရှင်ရေးသပိတ်ပြုလုပ်နေတဲ့ နေရာကို စစ်အုပ်စုက စက်တပ်လေထီးနဲ့ ဗုံးလာကြဲခဲ့ဖြစ်စဉ်မှာ ထိခိုက်ဒဏ်ရာရရှိခဲ့သူတွေကို ဆေးဝါးကုသပေးနေရာ သွေးနဲ့ ဆေးဝါးတွေ အရေးပေါ်အကူညီ လိုအပ်နေတယ်လို့ ဒေသခံ သတင်းရင်းမြစ်တွေက MFP ကို ပြောပါတယ်။

ချောင်းဦးမြို့နယ် မြောက်ခြမ်း မုံရွာနယ်အစပ်ရှိ ဗုံတိုရွာမှာ အောက်တိုဘာ ၆ ရက် သီတင်းကျွတ်လပြည့်နေ့ ည ရှစ်နာရီ ဝန်းကျင်မှာ စစ်အာဏာရှင်ဆန့်ရှင်ရေး ဆီမီးထွန်းသပိတ်ပြုလုပ်နေချိန်မှာ စစ်အုပ်စု အနောက်မြောက်တိုင်း စစ်ဌာနချုပ် – မုံရွာကနေ တက်လာတဲ့ စက်တပ်လေထီး ပါရာမော်တာနဲ့ ၁၂၀ မမ ဗုံးသီး နှစ်လုံး ကြဲချတိုက်ခိုက်သွားတာ ဖြစ်ပါတယ်။

စစ်အုပ်စု လေကြောင်းက ဗုံးကြဲခဲ့ရာမှာ ဆီးမီးထွန်းပူးဇော်ပွဲနဲ့ သပိတ်ပြုလုပ်နေတဲ့ လူအုပ်ထဲကို ဗုံးသီးတည့်တည်ကျရောက် ပေါက်ကွဲခဲ့တာကြောင့် အခင်းဖြစ်စဉ်နေရာမှာတင် သေဆုံးသူ ၂၀ ကျော်ရှိခဲ့ပြီးနောက် ဒီကနေ့ အောက်တိုဘာ ၇ ရက်မှာ ကလေးငယ်တွေအပါဝင် စုစုပေါင်း သေဆုံးသူ ၄၀ ကျော်ရှိသွားခဲ့ပြီဖြစ်တယ်လို့ ဒေသခံတွေက MFP ကို ပြောပါတယ်။

“အဓိကကတော့ သွေးနဲ့ဆေးဝါးပေါ့။ သွေးလိုအပ်ချက်က ပိုများသလို သွေးအုပ်စု မသိရတော့ ပိုဆိုးနေတာ။ အရေးပေါ် သွေးနဲ့ ဆေးကတော့ အလိုအပ်ဆုံးပါပဲဗျာ”လို့ မြေပြင်မှာ ကူညီကယ်ဆယ်ရေး လုပ်ဆောင်ပေးနေသူက ဆိုပါတယ်။

လက်ရှိမှာ ထိခိုက်ဒဏ်ရာရသူတွေကို အရေးပေါ်ဆေးဝါးကုသမှုတွေပြုလုပ်ပေးနေပြီး စိုးရိမ်ရသူတွေလည်း ၁၀ ဦးထက်မနည်းရှိနေသလို ဦးခေါင်းနဲ့ ဝမ်းဗိုက်ပိုင်းနေရာတွေမှာ ပြင်းထန်ဒဏ်ရာတွေ ရရှိထားတာတွေ့ရတယ်လို့ ကူညီကယ်ဆယ်ရေးလုပ်ဆောင်ပေးခဲ့သူတွေက MFP ကို ပြောပါတယ်။

စစ်အုပ်စုက ပါရာမိုတာနဲ့ ဗုံးနှစ်လုံးကြဲချခဲ့တာကြောင့် ထိခိုက်သေဆုံးခဲ့သူတွေထဲမှာ ကလေးငယ်တွေအပါဝင် အမျိုးသား၊ အမျိုးသမီး စုစုပေါင်း ၄၀ ကျော် ပါဝင်ပြီး သေဆုံးသူအများစုဟာ ဦးခေါင်းပြတ်၊ ခြေပြတ်၊ လက်ပြတ်စတဲ့ ကိုယ်ခန္ဓာအပိုင်းပိုင်းပြတ်တောက် သွားတယ်လို့ ဆိုပါတယ်။

အဲဒီလို ဗုံးစထိမှန်ပြီး သေဆုံးခဲ့သူတွေကို မနေ့ကညပိုင်းမှာပဲ စစ်အုပ်စု စက်တပ်လေထီးနဲ့ ဗုံးထပ်ကြဲတာနဲ့ လက်နက်ကြီးပစ်ခတ်နေတဲ့ကြားက အရေးပေါ်သင်္ဂြိုဟ်ပေးလိုက်ရတယ်လို့ မြေပြင် တော်လှန်ရေးသတင်းရင်းမြစ်က MFP ကို ပြောပါတယ်။

“ဖြစ်သလို ကိစ္စကုန်ရတာ။ စစ်အုပ်စုတွေက နာရေးပို့နေချိန်တွေမှာလည်း လေထီးနဲ့ဗုံးကြဲတော့ ကိစ္စမြန်မြန်ကုန်ရတာပေါ့။ လိုအပ်ချက်တွေရှိတာပေါ့ဗျာ။ မြေကျပြီးရောပဲ လုပ်လိုက်ရတာ”

မနေ့က ချောင်းဦးနယ်ထဲက ဆီမီးထွန်းသပိတ်ကို စစ်အုပ်စုက ဗုံးကြဲသတ်ဖြတ်ခဲ့ပြီးနောက် မြေပြင်မှာ ကူညီကယ်ဆယ်ရေးလုပ်ဆောင်နေသူတွေနဲ့ ဆေးဝါးကုသမှုခံယူမယ့်သူတွေ အခက်အခဲဖြစ်စေဖို့ ပါရာမိုတာနဲ့ မုံရွာနဲ့ ချောင်းဦးနယ်ထဲ ဗုံးထပ်ကြဲခဲ့သလို လက်နက်ကြီးတွေနဲ့ပါ ဆက်တိုက်ပစ်ခတ်နေခဲ့တယ်လို့လည်း မြေပြင်သတင်းရင်းမြစ်တွေထံက သိရပါတယ်။

စစ်အုပ်စုက ဆီမီးထွန်းသပိတ်ကို ဗုံးလာကြဲခဲ့တာကြောင့် သေဆုံး၊ ထိခိုက်ဒဏ်ရာရသူတွေဟာ ဗုံတိုရွာအပါဝင် အနီးဝန်းကျင်ကျေးရွာတွေက ဒေသခံပြည်သူတွေနဲ့ CDM ဝန်ထမ်းတွေ သပိတ်အဖွဲ့တွေနဲ့ PDF ရဲဘော်တွေပါဝင်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ချောင်းဦးမြို့နယ်ထဲမှာ စစ်အုပ်စုက ကျေးရွာတွေကို တိုက်ပွဲမရှိဘဲ စက်တပ်လေထီး ဂျိုင်ရိုကော်ပတာတွေနဲ့ လေကြောင်းကနေ ဗုံးကြဲသတ်ဖြတ်တာ၊ လက်နက်ကြီးတွေနဲ့ပစ်ခတ်တာတွေကြောင့် ဒေသခံပြည်သူတွေ မကြာခဏ ထိခိုက်သေဆုံးတာတွေ ဖြစ်ပေါ်နေတယ်လို့ ဒေသခံတွေက ဆိုကြပါတယ်။

MFP ရဲ့ သတင်း၊ ဆောင်းပါးနဲ့ ရုပ်သံတွေကို ယူကျူ့နဲ့ တယ်လီဂရမ်မှာလည်း ကြည့်နိုင်ပါတယ်။

Related Articles

Back to top button