စစ်ကိုင်းသတင်း

စစ်အုပ်စုလက်နက်ကြီး ပစ်ခတ်မှုကြောင့် ချောင်းဦးမှာ အမျိုးသမီးနှစ်ဦးသေဆုံး

လူသစ်/MFP၊ အောက်တိုဘာ – ၁၁

စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ် ငလုံးတင်ကျေးရွာကို အောက်တိုဘာလ ၁၀ ရက်နေ့ညပိုင်းမှာ စစ်အုပ်စုလက်နက်ကြီး ပစ်ခတ်ခဲ့တာကြောင့် အမျိုးသမီး နှစ်ဦးထိမှန် သေဆုံးကာ အသက်မပြည့်သေးတဲ့ ကလေးသူငယ်နှစ်ဦးလည်း ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ချောင်းဦးမြို့ပေါ် ထွေအုပ်ရုံးမှာ တပ်စွဲထားတဲ့ စစ်အုပ်စုက ဒေသခံတွေနေထိုင်နေတဲ့ ကျေးရွာတွေကို လက်နက်ကြီးတွေ ဆက်တိုက်ပစ်ခတ်နေတာကြောင့် ငလုံးတင်ရွာကို တစ်လုံးကျရောက် ပေါက်ကွဲခဲ့တာ ဖြစ်ပါတယ်။

လက်နက်ကြီးကျရောက် ပေါက်ကွဲမှုကြောင့် အသက် ၃၅ နှစ်အရွယ် အမျိုးသမီးတစ်ဦးဟာ နေရာမှာတင် သေဆုံးခဲ့ပြီး အသက် ၆၀ အရွယ် သက်ကြီးရွယ်အိုတစ်ဦးကတော့ ဒီနေ့မနက် ၈ နာရီမှာ ထပ်မံသေဆုံးသွားတယ်လို့ ခင်ဦးမြို့ခံတစ်ဦးက ပြောပါတယ်။

“နေရာမှာတင် သေဆုံးသွားတဲ့ အမျိုးသမီးက ငလုံးတင်ရွာခံပါ၊ အိမ်ရှင်ပေါ့နော်၊ သူကအရင် သေဆုံးတာပါ။ နောက်ထပ် အဘွားကတော့ ဒီမနက်မှာပဲ ဆုံးသွားတာပါ။ အသက် ၁၀ နှစ်ကျော်အရွယ် ယောက်ကျာ်းလေးတစ်ဦးနဲ့ မိန်းကလေး တစ်ဦးကလည်း ဒဏ်ရာရကြတယ်။ တစ်ယောက်က ဆီးခုံထိတာလို့ ကြားတယ်။ ထမင်းစားနေတဲ့ ထမင်းဝိုင်းဘေးကို လက်နက်ကြီးကျတာဆိုတော့ ဒဏ်ရာတွေက ပြင်းထန်ကြတာပေါ့”

ထိခိုက်ဒဏ်ရာရတဲ့ ကလေးငယ်တွေကို ဆေးကုသမှုပေးနေပြီး စိုးရိမ်ရတဲ့ အခြေအနေရှီတာကြောင့် စောင့်ကြည့်နေရတယ်လို့ သူကဆိုပါတယ်။

စစ်အုပ်စုပစ်ခတ်ခဲ့တဲ့ လက်နက်ကြီးတွေဟာ ငလုံးတင်ရွာဘေးက ရှမ်းထူးကျေးရွာကိုလည်း တစ်လုံး ကျရောက်ပေါက်ကွဲခဲ့ပေမဲ့ ဒေသခံတွေ ထိခိုက်သေဆုံးတာမျိုး မရှိပေမဲ့ နေအိမ်တချို့ပျက်စီးသွားတယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာလ ၆ ရက်နေ့ကလည်း ချောင်းဦးနယ်၊ ဘုံတိုရွာစာသင်ကျောင်းမှာ ကျင်းပခဲ့တဲ့ သီတင်းကျွတ်လပြည့်ည စစ်အာဏာရှင် ဆန့်ကျင်ရေးဆီမီးသပိတ် လှုပ်ရှားမှုကို စစ်အုပ်စုကလေကြောင်းပစ်ခတ်ခဲ့တာကြောင့် လူ ၂၄ ဦး သေဆုံးကာ ၅၀ ကျော် ဒဏ်ရာရခဲ့ပါတယ်။

ဒဏ်ရာရရှိသူတွေကိုလည်း ဆေးကုသလို့မရအောင် ဆေးဝါးသယ်ယူခွင့်တွေကို တင်းကြပ်ဖြတ်တောက်ကာ စစ်အုပ်စုအထိုင်စခန်းတွေကနေ လက်နက်ကြီးတွေပါ ဆက်တိုက်ပစ်ခတ်နေတာ ဖြစ်ပါတယ်။

အောက်တိုဘာလ ၆ ရက်နေ့က ချောင်းဦးနယ် ဆီမီးသပိတ်ဗုံးကြဲခံရစဉ်။

MFP ရဲ့ သတင်း၊ ဆောင်းပါးနဲ့ ရုပ်သံတွေကို ယူကျူ့နဲ့ တယ်လီဂရမ်မှာလည်း ကြည့်နိုင်ပါတယ်။

Related Articles

Back to top button