မယ်ပ/MFP၊အောက်တိုဘာ – ၁၄
စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်၊ ကျောက္ကာရွာကို စစ်ကြောင်းထပ်တိုးဖို့ စစ်အုပ်စုက အင်အားတွေ ထပ်တိုးပြင်ဆင်နေတယ်လို့ ဒေသခံ သတင်းအရင်းအမြစ်တွေက MFPကို ပြောပါတယ်။
မုံရွာမြို့မှာ အခြေစိုက်ထားတဲ့ စစ်အုပ်စုရဲ့ အနောက်မြောက်တိုင်း စစ်ဌာနချုပ်နဲ့ နှစ်မိုင်ကျော် ကွာဝေးတဲ့ ကျောက္ကာရွာကို စစ်အုပ်စုက ဩဂုတ်လ ၈ ရက်ကတည်းက စီးနင်းဝင်ရောက်ပြီးနောက် ဒေသခံတချို့ကို သတ်ဖြတ်ကာ နေအိမ်တွေ မီးရှို့ပြီးနောက် ကျေးရွာအတွင်း အထိုင်ချ တပ်စွဲနေတာ ဖြစ်ပါတယ်။
စစ်အုပ်စုတွေဟာ ပြည်သူတွေ စစ်ဘေးရှောင် ထွက်ပြေးနေချိန် ကျောက္ကာ မြောက်ရွာထဲကို မကြာခဏဝင်ရောက်ပြီး ပြည်သူပိုင် ပစ္စည်းတွေကို မွှေနှောက်ယူဆောင်တာတွေ လုပ်နေတယ်လို့ ဆိုပါတယ်။
ဒ့ါအပြင် စစ်အုပ်စုတပ်စွဲထားတဲ့ ရွှေဂူနီဘုရားအနီးမှာ အောက်တိုဘာလ ၁၁ ရက်နေ့ကတည်းက အင်အားတွေ ထပ်တိုးထားတယ်လို့ ဆိုပါတယ်။
” မြေပြင်အခြေနေကတော့ ဟိုနေ့က ရွှေဂူနီမှာ အင်အားထပ်တိုးးတာ ရှိတယ်။ 11နေ့က အင်အား တိုးထားတာ။ ECO ကျောင်းနဲ့ ရွှေဂူနီမှာ ထပ်တိုးထားတဟ်လို့ပဲ သတင်းရထားတယ် ” လို့ Monywa
Roads Information – MRIက တာဝန်ရှိသူ တစ်ဦးက ပြောပါတယ်။
လက်ရှိအချိန်ထိ မုံရွာ – အရာတော်ကားလမ်းပိုင်း ကျောက္ကာရွာမှာ အထိုင်ချတပ်စွဲနေတဲ့ စစ်အုပ်စုတွေကြောင့် ပြည်သူ ၃၀၀၀ ခန့်မှာ စစ်ဘေးရှောင်နေရဆဲဖြစ်တယ်လို့ ဆိုပါတယ်။
စစ်ဘေးရှောင်ကာလ နှစ်လကျော်ကြာမြင့်လာပြီဖြစ်ကာ ကူညီထောက်ပံ့မယ့်သူ မရှိသလောက်နည်းပါးတာကြောင့် စားနပ်ရိက္ခာနဲ့ ဆေးဝါတွေ လိုအပ်နေတယ်လို့ ဒေသခံသတင်းအရင်းအမြစ်တွေက ပြောပါတယ်။
ပြီးခဲ့တဲ့ ဩဂုတ် ၁၈ ရက်နဲ့ ၁၉ ရက်တို့မှာ ကျောက္ကာတောင်ရွာကို စစ်အုပ်စုတွေက နှစ်ရက်ဆက် မီးရှို့ခဲ့တာကြောင့် နေအိမ် ၈၀ ခန့် မီးလောင်ပြာကျခဲ့ပါတယ်။
ဩဂုတ်လ ၈ ရက်က စတင်ပြီး မုံရွာမြို့နယ် ကျောက္ကာရွာကို စီးနင်းကာ နေအိမ်တွေ မီးရှို့ပြီး ရွှေဂူနီဘုရားထဲ ဂိတ်ဖွင့်စခန်းချနေတဲ့ စစ်အုပ်စုကို ဩဂုတ် ၂၀ရက်၊ စက်တင်ဘာ ၁၂ ရက်နဲ့ စက်တင်ဘာ ၁၆ ရက်နေ့တွေမှာ တော်လှန်ရေးတပ်တွေက တိုက်ခိုက်ခဲ့ရာ စစ်အုပ်စုတွေ အသေအပျောက်များခဲ့ပေမဲ့ စခန်းမသိမ်းနိုင်ခဲ့ဘူးလို့ မုံရွာမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ – ပကဖကလည်း စက်တင်ဘာ ၁၉ ရက်က သတင်း ထုတ်ပြန်ပါတယ်၊
MFP ရဲ့ သတင်း၊ ဆောင်းပါးနဲ့ ရုပ်သံတွေကို ယူကျူ့နဲ့ တယ်လီဂရမ်မှာလည်း ကြည့်နိုင်ပါတယ်။



