အီသာရမ်/MFP ၊အောက်တိုဘာ-၁၅
စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်က ဇရပ်ကုန်းကျေးရွာကို အောက်တိုဘာလ ၁၅ ရက် ဒီနေ့ မနက် ၈ နာရီခန့်မှာ စစ်အုပ်စုလေကြောင်းတိုက်ခိုက် သွားတာကြောင့် ဒေသခံနှစ်ဆယ်ခန့် ထိခိုက်ဒဏ်ရာ ရခဲ့တယ်လို့ ဒေသခံသတင်းရင်းမြစ်က MFP ကို ပြောပါတယ်။
စစ်အုပ်စုက ဖိုက်တာအမျိုးအစားလေယာဉ်နဲ့ ဗုံးသီးတွေ ကြဲချတိုက်ခိုက်သွားတာဖြစ်ပြီး ဒေသခံ ၂၀ ခန့် ထိခိုက်ဒဏ်ရာ ရတဲ့အထဲက အမျိုးသမီးတစ်ဦးကတော့ ဒဏ်ရာအပြင်းအထန် ရရှိတာကြောင့် ဆေးကုသမှုပေးနေတယ်လို့ ဒေသခံတစ်ဦး က ပြောပါတယ်။
“တစ်ယောက်ကတော့ စိုးရိမ်ရတဲ့ အခြေအနေရှိတယ်။ ဟိုလို ထိခိုက်တာကတော့ ၂၀ ကျော် ၃၀ လောက်ထိရှိမှာ လက်မှန်တာတို့ ခြေထောက်မှန်တာတို့ အဲလိုမျိုး မစိုးရိမ်ရဘူးပေါ့ဗျာ။ အခုက ရွာထဲကို ပစ်သွားတာ”
စစ်အုပ်စုဗုံးကြဲသတ်ဖြတ်လို့ ထိခိုက်ဒဏ်ရာပြင်းထန်တဲ့ ပြည်သူတွေကိုတော့ လုံခြုံတဲ့နေရာမှာ ဆေးကုသမှုပေးနေပြီး နောက်ဆက်တွဲအခြေအနေကိုတော့ မသိရသေးဘူးလို့ သူကဆိုပါတယ်။
စစ်အုပ်စုဟာ ဇရပ်ကုန်းရွာ အလယ်ကို ဗုံးကြဲခဲ့တာဖြစ်ပြီး ကျေးရွာထဲက နေအိမ်တချို့နဲ့ သာသနိကအဆောက်အဦးတွေအပြင် ဘုရားစေတီတွေလည်း ထိခိုက်ပျက်စီးတယ်လို့ဆိုပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ် အောက်တိုဘာလ မှာလည်း ဇရပ်ကုန်းကျေးရွာကို စစ်အုပ်စုက ပေါင် ၃၀၀ ဗုံးတွေကြဲချတိုက်ခိုက်ခဲ့ပြီး ပြည်သူ ခုနစ်ဦးထိသေဆုံးကာ နေအိမ်အဆောက်အဦးတွေလည်းပျက်စီးခဲ့ပါသေးတယ်။
အာဏာသိမ်းလေးနှစ်အတွင်း စစ်ကိုင်းတိုင်းမှာ စစ်အုပ်စုရဲ့ အကြမ်းဖက်ဖြစ်ရပ်တွေကြောင့် အရပ်သားထိခိုက်သေဆုံးမှု ငါးထောင်ကျော် (၅၃၀၄ ဦး) ရှိခဲ့ပြီး ဒဏ်ရာရသူ လေးထောင်နီးပါး (၃၇၈၈ ဦး) ရှိခဲ့တယ်လို့ လွတ်လပ်တဲ့သုတေသနအဖွဲ့တစ်ခုဖြစ်တဲ့ (Data for Myanmar) က မတ်လ ၁၂ နေ့က ထုတ်ပြန်ထားပါတယ်။
စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ် ပန်းညိုရွာကို အခုနှစ် မတ်လက စစ်အုပ်စုဗုံးကြဲ မီးရှို့ပုံ။
MFP ရဲ့ သတင်း၊ ဆောင်းပါးနဲ့ ရုပ်သံတွေကို ယူကျူ့နဲ့ တယ်လီဂရမ်မှာလည်း ကြည့်နိုင်ပါတယ်။



