MN/MFP ၊ အောက်တိုဘာ – ၁၅
စစ်ကိုင်းတိုင်း၊ မုံရွာမြို့ပေါ်က ဆုတောင်းပြည့်ဘုရားကြီးပွဲတော်ကို လာရောက်လည်ပတ်တဲ့ လူငယ်တွေကို စစ်အုပ်စုက ပေါ်တာဆွဲဖမ်းဆီးတာတွေနဲ့ ငွေညှစ်တာတွေလုပ်ဆောင်နေတယ်လို့ မြို့ခံတွေက MFP ကို ပြောပါတယ်။
စစ်အုပ်စု အာဏာသိမ်းပြီးနောက် ပြန်လည်ကျင်းပနေတဲ့ ဆုတောင်းပြည့်ဘုရားကြီးပွဲတော်ကို စတိတ်ရှိုးပွဲပါ ထည့်သွင်းထားတာကြောင့် လာရောက်လည်ပတ်တဲ့လူငယ်တွေကို ပွဲတော်က အပြန်မှာ စစ်အုပ်စုက ရှိုးပွဲစတင်တဲ့ မနေ့က အောက်တိုဘာ ၁၃ ရက်ညမှာပဲ ပေါ်တာဆွဲဖမ်းဆီးငွေညှစ်တာတွေ လုပ်ဆောင်နေတာဖြစ်တယ်လို့ မုံရွာမြို့ခံ သတင်းရင်းမြစ်တစ်ဦးက ဆိုပါတယ်။
“ရှိုးပွဲက မနေ့ကစတာ။ သုံးရက်လုပ်မယ်လို့တော့ သိရတယ်။ ရှိုးပွဲမစခင်မှာ လမ်းတွေပိတ်ပြီးတော့ လုံခြုံရေးတင်းကြပ်ထားတာ။ အချုပ်ကားတွေရောပါတယ်။ ရှိုးပွဲအပြန်မှာ ဖမ်းခံရတဲ့သူတွေက တချို့က ဘာမှအဆက်သွယ်မရဘူးလို့ကြားတယ်။ တချို့ကတော့ ပြန်လွတ်တယ်လို့လည်း သိရတယ်။ မနေ့ကညပိုင်းမှာ အိမ်စီးကား ငါးစီးနဲ့ ဖမ်းနေတာဟုတ်တယ်။ အပျော်အပါးမက်တဲ့သူတွေလောက်ပဲ မကြောက်မလန့်သွားကြတာပါ”လို့ မုံရွာမြို့ခံက MFP ကို ပြောပါတယ်။
စစ်အုပ်စုဦးဆောင်ပြုလုပ်တဲ့ ဆုတောင်းပြည်ဘုရားကြီးပွဲတော်ကို သီတင်းကျွတ်လပြည့်ညက ပြုလုပ်ခဲ့တဲ့ပြည်သူ့ရင်ပြင်ပွဲတော်လို စည်ကားစေဖို့နဲ့လူငယ်တွေလာရောက်ပျော်ပါးဖို့ စတိတ်ရှိုးပွဲကို သုံးရက်ကြာထည့်သွင်းပြုလုပ်နေတာဖြစ်တယ်လို့ မြို့ခံတွေထံက ပြောပါတယ်။
နောက်ထပ် မုံရွာမြို့ခံတစ်ဦးကတော့ ဘုရားကြီးပွဲစတင်တဲ့ ၁၃ ရက်နဲ့ ၁၄ ရက် နှစ်ရက်ထဲမှာပဲ လူငယ်လေးဆယ်ထက်မနည်းကို ပေါ်တာဆွဲ ဖမ်းဆီးထားတယ်လို့ MFP ကို ပြောပါတယ်။
“အသိတစ်ယောက် ကနေ့မနက် အစောပိုင်း စျေးကြိုသွားတာ ဘုရားကြီးပွဲကနေ သောက်စားပြီး ပြန်လာပုံရတယ်တဲ့။ လမ်းဘေးအိပ်နေတဲ့ လူငယ်လေးယောက်ကို ကားပေါ်တင်ခေါ်သွားတာ တွေ့လိုက်တယ် ပြောတယ်။ ခေါ်တဲ့သူတွေကလည်း အရပ်ဝတ်တွေနဲ့လို့ ပြောတယ်”
မုံရွာမြို့ရှိ ဆုတောင်းပြည့်ဘုရားကြီးပွဲတော်ကို စစ်အုပ်စု အာဏာမသိမ်းခင်က နှစ်စဉ် သီတင်းကျွတ်လပြည့်ကျော် ၅ ရက်နေ့ကနေ ၁၀ ရက်နေ့ထိ ကျင်းပပြုလုပ်လေ့ရှိပြီး သင်္ကြန်ပွဲတော်ပြီးရင် အစည်ကားဆုံးပွဲတော်တစ်ခုလည်း ဖြစ်တယ်လို့ ဒေသခံတွေက ဆိုပါတယ်။
စစ်အုပ်စုက မုံရွာမြို့ပေါ်မှာ လမ်းမတွေနဲ့ ရပ်ကွက်တွေထဲက နေအိမ်တွေထဲပါမကျန် နေ့စဉ် ပေါ်တာဆွဲဖမ်းဆီးနေတာဖြစ်သလို လူငယ်အများစုအကြိုက် ပျော်ပွဲရွှင်ပွဲတွေ ကျင်းပပေးပြီး ပွဲကပြန်လာတဲ့ လူငယ်တွေကို ပေါ်တာဆွဲဖမ်းဆီးတာနဲ့ ငွေညှစ်ပြီးတချို့ပြန်လွှတ်ပေးတာတွေ မကြာခဏ လုပ်ဆောင်နေတာ ဖြစ်ပါတယ်။
ဒါ့အပြင် စစ်အုပ်စုက မြို့ပေါ်မှာ ပေါ်တာဆွဲဖမ်းဆီးတာနဲ့ ကျေးရွာတွေကို စစ်ကြောင်းထိုးမီးရှို့ ဗုံးကြဲသတ်ဖြတ်တာတွေ လုပ်ဆောင်နေသလို တစ်ဖက်မှာလည်း ရွေးကောက်ပွဲအတွက် ဒေသခံတွေကို ခေါ်ယူပြီး စားနပ်ရိက္ခာ၊ လယ်ယာသုံးပစ္စည်းတွေနဲ့ ငွေကြေးပေးစည်းရုံးကာ အစမ်းမဲထည့်ခိုင်းတာနဲ့ မဲစာရင်းကောက်ယူတာတွေလည်း လုပ်ဆောင်နေတာဖြစ်တယ်လို့ ဒေသခံသတင်းရင်းမြစ်တွေက ဆိုပါတယ်။
သီတင်းကျွတ်လပြည့်ညက မုံရွာမြို့ပေါ်မှာ ပျော်ပွဲရွှင်ပွဲကျင်းပနေတဲ့ စစ်အုပ်စုနဲ့ ဒေသခံတွေကို တွေ့ရစဉ်။
MFP ရဲ့ သတင်း၊ ဆောင်းပါးနဲ့ ရုပ်သံတွေကို ယူကျူ့နဲ့ တယ်လီဂရမ်မှာလည်း ကြည့်နိုင်ပါတယ်။



