စစ်ကိုင်းသတင်း

ဝက်လက်မှာ ဒေသခံ ၅၀ ကျော်ကို လူသားဒိုင်းအဖြစ် အကာအကွယ်ယူပြီး စစ်အုပ်စု ရွာစဉ်လှည့် စစ်ကြောင်းထိုးနေ

MN/MFP ၊ အောက်တိုဘာ – ၁၆

စစ်ကိုင်းတိုင်း၊ ရွှေဘိုခရိုင်၊ ဝက်လက်မြို့နယ် ကျေးရွာတွေကို စစ်အုပ်စုတပ်က စီးနင်းဝင်ရောက်ပြီးနောက် ဒေသခံ ၅၀ ကျော်ကို ဓားစာခံဖမ်းဆီးကာ ကျေးရွာတွေကို စစ်ကြောင်းထိုး စီးနင်းလုယက်နေတယ်လို့ ဒေသခံ သတင်းရင်းမြစ်တွေက MFP ကို ပြောပါတယ်။

ဝက်လက်နယ်အရှေ့ခြမ်း ရှိမ်းမကားရွာမှာရှိတဲ့ စစ်အုပ်စုအထိုင်စခန်းကနေ ဒီကနေ့ မနက်ပိုင်းမှာထွက်လာတဲ့ အင်အား ၁၀၀ ဝန်းကျင်ခန့်ဟာ ဖမ်းဆီးထားတဲ့ ဒေသခံ ၅၀ ကျော်ကို လူသားဒိုင်းအဖြစ် အကာအကွယ်ယူပြီး အင်းဒေါင်းရွာကို စစ်ကြောင်းထိုး စီးနင်းလုယက်နေတယ်လို့ ဒေသခံတစ်ဦးက ဆိုပါတယ်။

“မတ္တရာဘက်ကနေ ဝက်လက်နယ် ရှိန်းမကားကိုရောက်လာတဲ့ (စခ)စစ်ကြောင်းက အခု ဒေသခံ ၅၀ ကျော်ကို ဓားစာခံဖမ်းဆီးပြီးတော့ အင်းဒေါင်းရွာမြောက်ဘက်မှာ ရောက်နေတယ်။ အဲဒီစစ်ကြောင်းကြောင့် လက်ရှိမှာက ရှိန်းမကားရွာအနီးဝန်းကျင်က ရွာတွေ စစ်ဘေးရှောင်နေကြရတယ်ဗျ”

စစ်အုပ်စုက ဝက်လက်နယ်ထဲက ကျေးရွာတွေကို စစ်ကြောင်းထိုးစီးနင်းလုယက်ပြီး လေကြောင်းက နေ့စဉ်လိုလို ဗုံးကြဲသတ်ဖြတ်နေတာကြောင့် ဒေသခံတွေ သေဆုံးထိခိုက်ဒဏ်ရာရတာတွေလည်းရှိနေတယ်လို့ မြေပြင်သတင်းရင်းမြစ်တွေက ဆိုပါတယ်။

လက်ရှိ ဝက်လက်မြို့နယ်ထဲမှာ တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေနဲ့ စစ်အုပ်စုတို့ တိုက်ပွဲတွေဖြစ်ပွားနေသလို တိုက်ပွဲဖြစ်တဲ့နေရာကို စစ်ကူလာဖို့အတွက် ရွှေဘိုနယ်ဘက်က စစ်ကြောင်းနှစ်ကြောင်း၊ ဝက်လက်နယ် အရှေ့ခြမ်းက စစ်ကြောင်းတစ်ကြောင်းနဲ့ စစ်ကိုင်းမြို့နယ် ဆားတောင်(မြို့)ဘက်ကနေ စစ်ကြောင်းတစ်ကြောင်း ထွက်လာနေတယ်လို့ မြေပြင်သတင်းရင်းမြစ်က ဆိုပါတယ်။

“ဝက်လက်နယ်ထဲကို စစ်ကြောင်းတွေက ရွှေဘိုဘက်ကနဲ့ ဆားတောင်ဘက်ကနေ ထွက်လာနေတယ်လို့ သတင်းရထားတယ်။ ရှိန်းမကားဘက်မှာလည်း တစ်ကြောင်းရှိသေးတယ်။ ဒေသခံတွေ ဖမ်းဆီးခံရတာကတော့ မပြေးတဲ့ ဒေသခံတွေကတော့ အများစု ဖမ်းဆီးခံရတာတွေရှိတာပေါ့။ ဘာကြောင့်ဆို ဒီစစ်ကြောင်းက ငါတို့ကို ဘာမှမလုပ်လောက်ပါဘူးဆိုပြီး မတိမ်းရှောင်ကြတဲ့ ပြည်သူတွေကလည်း အများကြီးရှိနေသေးတာ”

ဝက်လက်နယ်ထဲမှာ စစ်အုပ်စုက အောက်တိုဘာ ၁၃ ရက်ကနေ မနေ့က ၁၅ ရက်နေ့ထိ ရွာသာကြီးရွာနဲ့ သမန်သာကျေးရွာတွေကို လေကြောင်းက ဗုံးကြဲခဲ့တာကြောင့် ကလေးငယ်တစ်ဦးနဲ့ အသက် ၇၀ ကျော်ရွယ် အဖွားအိုတစ်ဦး သေဆုံးပြီး လေးဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကာ ဘုန်းကြီးကျောင်း၊ ဘုရားစေတီနဲ့ စာသင်ကျောင်းတွေ ထိခိုက်ပျက်စီးခဲ့ပါသေးတယ်။

လက်ရှိမှာ စစ်အုပ်စုu အင်အားအလုံးအရင်းနဲ့ စစ်ကြောင်းထိုးနေတာကြောင့် ဝက်လက်နယ်အရှေ့ခြမ်းက အင်ဒေါင်း၊ မင်းရွာတောင်၊ ရွာသစ်၊ ရွာသာ၊ ကမ်းဖြူ၊ ငါးရယ်၊ မင်းကုန်းလေး စတဲ့ကျေးရွာတွေနဲ့ ဝက်လက်နယ် အနောက်ခြမ်းက ရွာသာကြီးရွာနဲ့ အနီးဝန်းကျင်ကျေးရွာတွေအပါဝင် ထောင်နဲ့ချီတဲ့ ဒေသခံပြည်သူတွေ စစ်ဘေးတိမ်းရှောင်နေကြရပြီး စားနပ်ရိက္ခာ၊ ဆေးဝါး၊ အမိုးအကာ စတဲ့ အကူညီတွေ လိုအပ်နေတယ် စစ်ရှောင်တွေကို ကူညီပေးနေသူတွေက ဆိုပါတယ်။

စစ်ကိုင်း – ရွှေဘို ကားလမ်းပေါ်က လင်းတလူးရွာကို စစ်အုပ်စုက စီးနင်းလုယက် မီးရှို့ဖျက်ဆီးခဲ့စဉ်။ Photo – ပေးပို့

MFP ရဲ့ သတင်း၊ ဆောင်းပါးနဲ့ ရုပ်သံတွေကို ယူကျူ့နဲ့ တယ်လီဂရမ်မှာလည်း ကြည့်နိုင်ပါတယ်။

Related Articles

Back to top button