လူသစ်/MFP ၊ အောက်တိုဘာ – ၁၇
စစ်ကိုင်းတိုင်း၊ အရာတော်မြို့နယ် သစ်ချိုရွာကို အောက်တိုဘာလ ၁၇ ရက် မနက် ၁၀နာရီကျော်မှာ လေကြောင်းကနေ ဗုံးကြဲခဲ့တာကြောင့် အသက်မပြည့်သေးတဲ့ ကလေးငယ်အပါအဝင် ငါးဦးသေဆုံးသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
တိုက်ပွဲဖြစ်ပွားနေတာမရှိတဲ့ သစ်ချိုရွာအထွက်လမ်းမပေါ်ကို ဂျက်ဖိုက်တာနဲ့ ပေါင် ၅၀၀ ဗုံးတစ်လုံး ကြဲချတိုက်ခိုက်ခဲ့တာကြောင့် ဒေသခံလေးဦးထက်မနည်းလည်း ဒဏ်ရာရခဲ့တယ်လို့ ဆိုပါတယ်။
သေဆုံးသူတွေအထဲမှာ အသက်မပြည့်သေးတဲ့ ကလေးငယ်တစ်ဦးနဲ့တောင်ယာလုပ်ကိုင်ဖို့ သွားနေတဲ့ သစ်ချိုရွာဒေသခံလေးဦး တို့ဖြစ်ပြီးအများစုဟာဗုံးစထိမှန်တာကြောင့် နေရာမှာတင် သေဆုံးခဲ့ကြတယ်လို့ အရာတော်မြို့နယ် ဒေသကာကွယ်ရေးအဖွဲ့ရဲ့ သတင်းနဲ့ပြနကြားရေးတာဝန်ခံ ကိုအောင်စည်က ပြောပါတယ်။
“သစ်ချိုရွာနဲ့ ဥသျှစ်ကြီးရွာ ကြားက လမ်းပေါ်ကို ချသွားတာပါ။ ပြောရရင်တော့ စာသင်ကျောင်းနဲ့လည်း နီးတယ်။ အဲနားမှာ အိမ်လေးတွေလည်းရှိတယ်။ ဒေသခံတွေကတော့ ငါးဦးဆုံးတယ်။ ကလေးတစ်ဦးပါတယ်။ အရာတော်ဆိုတာက တိုက်ပွဲလည်းမရှိပါဘူး။ သူတို့မြေပြင် စစ်ကြောင်းထိုးနေတာတော့ ရှိတယ်။ အဲဒါကို ဒီမနက် လေကြောင်းကနေ လာကြဲသွားတာ”
လတ်တလော လုံခြုံရေးအခြေအနေအရ ဒဏ်ရာရသေဆုံးသူတွေရဲ့ နာမည်နဲ့ အခြေအနေ အသေးစိတ်ကိုတော့ ထုတ်ဖော်ပြောဆိုတာမျိုး မရှိသေးပါဘူး။
စစ်အုပ်စုဟာ မကွေး၊ စစ်ကိုင်း၊ မန္တလေးစတဲ့ ဒေသတွေမှာ တိုက်ပွဲဖြစ်ပွားနေတာမျိုး မရှိပေမဲ့လည်း အရပ်သားတွေကို စစ်ရေးပစ်မှတ်အဖြစ် ဦးတည်ပစ်ခတ်တာတွေ ပိုများလာတယ်လို့ ဒေသခံတွေက ဆိုပါတယ်။
သစ်ချိုရွာဟာ အိမ်ခြေ သုံးရာကျော် လူဦးရေ နှစ်ထောင်ဝန်းကျင်နေထိုင်ပြီး စစ်အုပ်စုရဲ့လေကြောင်း ပစ်ခတ်မှုကြောင့် ဒေသခံအများစုဟာ နေရပ်စွန့်ခွာ ထွက်ပြေးနေကြရတယ်လို့ ကိုအောင်စည်က ပြောပါတယ်။
ထိခိုက်ဒဏ်ရာ ရသူတွေကိုတော့ လုံခြုံတဲ့နေရာမှာ ဆေးကုသမှု ပေးနေပြီး ဒဏ်ရာပြင်းထန်သးတွေကိုတော့ စောင့်ကြည့်နေရတယ်လို့ ဆိုပါတယ်။
လွတ်လပ်တဲ့ သုတေသနအဖွဲ့တစ်ခုဖြစ်တဲ့ ဉာဏ်လင်းသစ် သုတေသနအဖွဲ့ကတော့ ဩဂုတ်လ ၈ ရက်နေ့ကနေ ၁၄ ရင်နေ့အထိ မန္တလေးနဲ့ စစ်ကိုင်းတိုင်း အပါအဝင် ဒေသ ဆယ်ခုထက်မနည်းကို စစ်အုပ်စု လေကြောင်းတိုက်ခိုက် ခဲ့တာကြောင့် အရပ်သား ၆၂ ဦးသေဆုံးကာ ၁၂၁ ဦးထိခိုက်ဒဏ်ရာ ရခဲ့တယ်လို့ ဩဂုတ်လ ၁၅ ရက်နေ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
Photo -ကွီးဂဏန်း
MFP ရဲ့ သတင်း၊ ဆောင်းပါးနဲ့ ရုပ်သံတွေကို ယူကျူ့နဲ့ တယ်လီဂရမ်မှာလည်း ကြည့်နိုင်ပါတယ်။



