လူသစ်/MFP ၊ အောက်တိုဘာ – ၂၀
စစ်ကိုင်းတိုင်းအထက်ပိုင်းက ဗန်းမောက်မြို့နယ်ကို ပြန်လည်ရယူဖို့အတွက် အင်အားရာနဲ့ချီတဲ့ ရှမ်းနီတပ်မတော်(SNA)နဲ့ စစ်အုပ်စုတပ်တွေက ထိုးစစ်ဆင်နေတာကြောင့် တိုက်ပွဲတွေ ဆက်ဖြစ်နေတယ်လို့ မြေပြင်စစ်ရေးသတင်းအရင်းအမြစ်တွေက ပြောပါတယ်။
ပြီးခဲ့တဲ့ ရက်ပိုင်းက မြို့အနောက်ဘက်က သုံးမိုင်အကွာမှာရှိတဲ့ ကြောင်လည်ရွာနားမှာ SNA ပူးပေါင်းစစ်ကြောင်းနဲ့ တော်လှန်ရေးအင်အားစုတွေ တိုက်ပွဲဖြစ်ပွားခဲ့ရာကနေ လက်ရှိမှာတော့ မြို့နဲ့တစ်
မိုင်အကွာမှာရှိတဲ့ နားယကရွာနားမှာ တိုက်ပွဲပြင်းထန်နေတာ ဖြစ်ပါတယ်။
ဗန်းမောက်ကို ပြန်ရဖို့အတွက် စစ်အုပ်စုက လေကြောင်းရော မြေပြင်စစ်ကြောင်းတွေနဲ့ပါ အပြင်းအထန် ထိုးစစ်ဆင်နေတာလို့ မြေပြင်စစ်ရေးသတင်းအရင်းအမြစ်တစ်ဦးက ပြောပါတယ်။
“ သူတို့က ထိုးစစ်ဆင်လာတာပေါ့နော်။ သူတို့အသာစီးရထားတဲ့ အနောက်ခြမ်းကနေ ထိုးစစ်ဆင်နေတာ။ မြို့သိမ်းတိုက်ပွဲ ပြီးကတည်းက တိုက်ပွဲမရှိတဲ့ နေ့ဆိုတာ မရှိပါဘူး။ လေကြောင်းကလည်း ဆက်တိုက်ကို လာပစ်နေတာရှိတယ်”
မြို့သိမ်းတိုက်ပွဲမှာ SNA တပ်အထိုင်ချထားတဲ့ ဗန်းမောက်မြို့နယ် အနောက်ခြမ်းက ကြောင်လည်ရွာအထိ တော်လှန်ရေးအင်အားစုတွေက လိုက်လံချေမှုန်းခဲ့တာကြောင့် နှစ်ဘက်တိုက်ပွဲတွေ ဆက်ရှိနေတာလို့ဆိုပါတယ်။
ဒါ့အပြင် SNA နဲ့ စစ်အုပ်စုက ဗန်းမောက်မြို့ကို ပြန်ရဖို့ အင်အားအလုံးအရင်းနဲ့ စစ်ကြောင်းထိုးလာချိန်မှာ အလယ်ရွာ၊ ကံရွာ၊ ပင်ဟင်းခါး၊ ရွှေကျောင်း၊ စက်တောရွာနဲ့ ခမိုးရွာတွေကနေ တော်လှန်ရေးအင်အားစုတွေက နောက်ပြန်ဆုတ်ပေးလိုက်ရတယ်လို့ စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။
ဗန်းမောက်မြို့ကို တော်လှန်ရေးအင်အားစုတွေက စက်တင်ဘာလ ၁၅ ရက်ကနေ ၂၀ အထိ ခြောက်ရက်ကြာတိုက်ခိုက်ပြီးနောက် ကသုံးလုံးဒေသအတွင်းက တတိယမြောက် မြို့နယ်အဆင့်ရှိတဲ့မြို့ကို သိမ်းပိုက်ရရှိခဲ့တာပဲဖြစ်ပါတယ်။
ဗန်းမောက်မြို့ကို ရဉ်ထွန်း (ဗျူဟာမှူး) ဦးစီး SNA တပ်မဟာ (၆၁၄၊ ၉၇၂)၊ ရဲ၊ ပျူစောထီး ပူးပေါင်းအင်အား (၄၀၀) ခန့် အခြေချနေထိုင်ချထားတဲ့ မြစ်သေးချင်းရွာ ကာကင်းကုန်း၊ မြစ်သေးချင်းရွာ၊ တာဝါတိုင်ကုန်း၊ အောင်ကမ္ဘာသိန်း KTV၊ ကျွဲကောကုန်းရွာ၊ မြစ်သေးချင်းရွာ ဘုန်းကြီးကျောင်း၊ ဒန်ဘို ဆီဆိုင်၊ ဘန်ဂလိုကုန်း၊ နားယကာရွာ၊ စက်တောရွာ၊ ကျွန်းတောင်စခန်းကုန်း၊ ဗန်းမောက်မြို့ ဗျူဟာကုန်း၊ အောင်သာကုန်းရွာစခန်းကုန်း၊ လွှစင်ကုန်း ဘုန်းကြီးကျောင်း၊ ဗန်းမောက်မြို့မစာသင်ကျောင်း၊ ဗန်းမောက်မြို့ ရဲစခန်း၊ မြနန္ဒာဘုန်းကြီးကျောင်း၊ နယ်စပ်ဒေသနဲ့ တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတတ်ရေး သင်တန်းကျောင်း (နသလ)တို့ကို တိုက်ခိုက်သိမ်းပိုက်ခဲ့တာ ဖြစ်ပါတယ်။
တိုက်ပွဲတွေကြောင့် ဗန်းမောက်ဒေသခံ သုံးထောင်ကျော်လည်း နေရပ်စွန့်ခွာထွက်ပြေးနေပြီး နေရေးထိုင်ရေးအတွက် အမိုးအကာနဲ့ စားနပ်ရိက္ခာတချို့ လိုအပ်နေတယ်လို့ ဆိုပါတယ်။
MFP ရဲ့ သတင်း၊ ဆောင်းပါးနဲ့ ရုပ်သံတွေကို ယူကျူ့နဲ့ တယ်လီဂရမ်မှာလည်း ကြည့်နိုင်ပါတယ်။



