MN/MFP ၊ အောက်တိုဘာ – ၂၁
စစ်ကိုင်းတိုင်း၊ မုံရွာနဲ့ ချောင်းဦးနယ်အစပ်မှာ သီတင်းကျွတ်လပြည့်နေ့ည ဆီမီးထွန်းပွဲနဲ့ စစ်အာဏာရှင်ဆန့်ရှင်ရေးသပိတ်ပြုလုပ်နေတဲ့ နေရာကို စစ်အုပ်စု စက်တပ်လေထီးနဲ့ ဗုံးလာကြဲခဲ့တဲ့ဖြစ်စဉ်မှာ ထိခိုက်
ဒဏ်ရာရရှိခဲ့သူတွေကို ဆေးဝါးကုသမှုတွေပြုလုပ်ပေးနေဆဲဖြစ်ပြီး ဆေးဝါးနဲ့ ငွေကြေး အကူအညီလိုအပ်တယ်လို့ ဒေသခံ သတင်းရင်းမြစ်တွေက MFP ကို ပြောပါတယ်။
ချောင်းဦးမြို့နယ် မြောက်ခြမ်း မုံရွာနယ်အစပ်ရှိ ဗုံတိုရွာမှာ အောက်တိုဘာ ၆ ရက် သီတင်းကျွတ်လပြည့်နေ့ ည ရှစ်နာရီ ဝန်းကျင်မှာ စစ်အာဏာရှင်ဆန့်ရှင်ရေး ဆီမီးထွန်းသပိတ်ပြုလုပ်နေချိန် စစ်အုပ်စု အနောက်မြောက်တိုင်း စစ်ဌာနချုပ် – မုံရွာကနေ တက်လာတဲ့ စက်တပ်လေထီး ပါရာမော်တာနဲ့ ၁၂၀ မမ ဗုံးသီး နှစ်လုံး ကြဲချတိုက်ခိုက်ခဲ့တာကြောင့် စုစုပေါင်း သေဆုံးသူ ၂၄ ဦးနဲ့ ဒဏ်ရာရသူ ၆၀ နီးပါး ရှိခဲ့တာဖြစ်ပါတယ်။
လက်ရှိမှာလည်း ဆေးဝါးကုသမှုခံယူနေသူတွေထဲမှာ ၁၀ ဦးကျော်ဟာ ဒဏ်ရာပြင်းထန်နေပြီး ကျန်တဲ့ ၂၀ ကျော်ကတော့ ဒဏ်ရာအသေးစားနဲ့ ဆေးဝါးကုသမှုခံယူနေဆဲဖြစ်တယ်လို့ ဒေသခံတွေက ဆိုပါတယ်။
“လိုအပ်နေသေးတာကတော့ ဆေးဝါးပေါ့။ လက်ရှိ ကုသမှုပေးနေတာတွေက စစ်ကိုင်းဖိုရမ်က လှူထားတာတွေရယ် ရှိထားတာလေးတွေရယ်နဲ့ အဆင်ပြေအောင် ကုသနေကြရတာ။ ဆေးဝါးနဲ့ ငွေကြေးလိုအပ်ပါတယ်။ ဆေးနဲ့ ဆေးပစ္စည်းတွေဝယ်ဖို့ ငွေကြေးလိုအပ်တာပေါ့။ ဒဏ်ရာရသူတွေထဲမှာတော့ နောက်ထပ် သေဆုံးတာ မရှိသေးပါဘူး”လို့ မြေပြင်သတင်းရင်းမြစ်က MFP ကို ပြောပါတယ်။
လက်ရှိမှာ ဗုံးစထိမှန်ခဲ့တဲ့ ထိခိုက်ဒဏ်ရာရသူတွေကို ဆေးဝါးကုသမှုတွေပြုလုပ်ပေးနေဆဲဖြစ်ပြီး စိုးရိမ်ဒဏ်ရာရရှိခဲ့သူတွေဟာ ဦးခေါင်းနဲ့ ဝမ်းဗိုက်ပိုင်းနေရာတွေမှာ ပြင်းထန်ဒဏ်ရာတွေ ရရှိထားတယ်လို့ ကူညီကယ်ဆယ်ရေး လုပ်ဆောင်ပေးခဲ့သူတွေက MFP ကို ပြောဆိုထားပါတယ်။
ချောင်းဦးနယ်ထဲက ဆီမီးထွန်းသပိတ်ကို စစ်အုပ်စု ဗုံးကြဲသတ်ဖြတ်ခဲ့ပြီးနောက် မြေပြင်မှာ ကူညီကယ်ဆယ်ရေးလုပ်ဆောင်နေသူတွေနဲ့ ဆေးဝါးကုသမှုခံယူမယ့်သူတွေကို စစ်အုပ်စုက ပါရာမိုတာနဲ့ မုံရွာနဲ့ ချောင်းဦးနယ်ထဲ ဗုံးထပ်ကြဲခဲ့သလို လက်နက်ကြီးတွေနဲ့ပါ ဆက်တိုက်ပစ်ခတ်နေခဲ့တာကြောင့် သေဆုံးသူအချို့ကို ညတွင်းချင်း ဖြစ်သလို သင်္ဂြိုဟ်ခဲ့ရတာ ဖြစ်ပါတယ်။
ဆီမီးထွန်းသပိတ် ဗုံးကြဲခံရတဲ့ဖြစ်စဉ်မှာ ကလေးငယ်တွေနဲ့ ဒေသခံပြည်သူတွေ၊ သပိတ်အဖွဲ့တွေနဲ့ PDF ရဲဘော်အချို့အပါဝင် စုစုပေါင်း ၂၄ ဦး သေဆုံးခဲ့ပြီး ၆၀ ကျော် ထိခိုက်ဒဏ်ရာတွေရရှိခဲ့တာဖြစ်တယ်လို့ ဒေသခံသတင်းရင်းမြစ်တွေက ဆိုထားပါတယ်။
ချောင်းဦးမြို့နယ်ထဲမှာ စစ်အုပ်စုက ကျေးရွာတွေကို တိုက်ပွဲမရှိဘဲ စက်တပ်လေထီး ဂျိုင်ရိုကော်ပတာတွေနဲ့ လေကြောင်းကနေ ဗုံးကြဲသတ်ဖြတ်တာ၊ လက်နက်ကြီးတွေနဲ့ပစ်ခတ်တာတွေကြောင့် အရပ်သားပြည်သူတွေ မကြာခဏ ထိခိုက်သေဆုံးတာတွေ ဖြစ်ပေါ်နေတယ်လို့ ဒေသခံတွေက ဆိုပါတယ်။
MFP ရဲ့ သတင်း၊ ဆောင်းပါးနဲ့ ရုပ်သံတွေကို ယူကျူ့နဲ့ တယ်လီဂရမ်မှာလည်း ကြည့်နိုင်ပါတယ်။



