စစ်ကိုင်းသတင်း

စစ်ကိုင်းတိုင်းက မြို့နယ်တွေမှာ အထိုင်စခန်းတွေတိုးချဲ့ကာရွေးကောက်ပွဲအတွက် စစ်အုပ်စုလုံခြုံရေး ပြင်ဆင်နေ

ထက်ဖြိုး/MFP ၊ အောက်တိုဘာ – ၂၃

စစ်ကိုင်းတိုင်းရဲ့ မြို့တော်မုံရွာနဲ့ ဆားတောင်၊ ရွှေဘိုစတဲ့ မြို့တွေမှာ ရွေးကောက်ပွဲအတွက် ကြိုပြင်တဲ့အနေနဲ့ စစ်အုပ်စုက အထိုင်စခန်းနဲ့ ကာကင်းတွေတိုးချဲ့လာတယ်လို့ တော်လှန်ရေးအင်အားစုတွေက သုံးသပ်ပြောဆိုကြပါတယ်။

ရွှေဘိုမြို့တောင်ဘက်မုဒ်ဦးအနီးက ရွာတွေမှာ စစ်အုပ်စုက အခုရက်ပိုင်းတွေအတွင်း အထိုင်စခန်းတွေ တိုးချဲ့ချထားပြီး နေရာငါးနေရာလောက်မှာလည်းကာကင်းချထားတာ တွေ့ရတယ်လို့ Wetlet Information Network အဖွဲ့က တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

“ရွှေကို တောင်ဘက်ကြောကနေ တက်ပြီးတော့ ကာထားတဲ့ပုံစံ။ များသောအားဖြင့် (ရွေးကောက်ပွဲအတွက်) အဲလိုဖြစ်နိုင်ခြေများတယ်လို့တော့ ကျနော်တို့ သုံးသပ်မိတယ်ဗျာ။ အခုဒီတစ်ရက်၊ နှစ်ရက်၊ သုံးလာတဲ့ တိုးလာတဲ့နေရာတွေ”

ရွှေဘိုမြို့ တောင်ဘက်မှာရှိတဲ့ တဂဏန်းရွာ၊ ရှားတောရွာ၊ ရွှေဘိုထဲဝင်တဲ့ မူးဘောင်လမ်း၊ လက်ပံကုန်းရွာ၊ ဘီအီးအရက်ချက်စက်ရုံ စတဲ့နေရာတွေမှာ နေရာဖြန့်ယူထားကြတာဖြစ်တယ်လို့ ပြောပါတယ်။
ဒါ့အပြင် မုံရွာမြို့နယ်က ကျောက္ကာရွာလမ်းတစ်လျှောက်မှာလည်း စစ်အုပ်စုတပ်က ကာကင်းစခန်းတွေ တောက်လျှောက်ချထားတယ်လို့ ဆိုပါတယ်။

ရွှေဘို-မန္တလေးလမ်းပေါ်က ဆားတောင်မြို့ရဲ့ မြောက်ဘက် ဂူကြီးတွင်းရွာကို အောက်တိုဘာလ ၂၂ ရက်ကတည်းက အင်အား ၁၅၀ လောက်နဲ့ ဝင်ရောက်နေရာယူထားပြီး အခုချိန်ထိတော့ လှုပ်ရှားမှုမရှိသေးဘူးလို့ ဆိုပါတယ်။

“အုန်းတောနဲ့ ဆားတောင် တကြောလုံး သူတို့စိုးမိုးထားတယ်ဗျာ။ အုန်းတောနဲ့ ဆားတောင်ကြားဆို ကျနော်တို့ဘက်က ဘယ်လိုမှကို သွားလို့လာလို့မရဘူး။ ကွင်းလမ်းကပဲသွားရတယ်”

ရွှေဘိုမြို့အရှေ့ဘက်က ကျောက်မြောင်း ခမရ-၁၂ ကို စစ်ကိုင်း တပ်မ-၃၃ ကနေ Mi-17 ရဟတ်ယာဉ်နဲ့ လူ၊ လက်နက်နဲ့ရိက္ခာတွေ အင်အားဖြည့်တင်းနေတာတွေ့ရတယ်လို့ သူကဆိုပါတယ်။

အလားတူ စစ်ကိုင်းတပ်မ – ၃၃ ကနေ ရွှေဘို စခတ-၈ ၊ ခမရ-၁၂ ၊ ဝန်းသိုမြို့ ခမရ-၁၂၀ စတဲ့နေရာသုံးနေရာကိုလည်း စစ်အုပ်စုက စစ်ကိုင်းတပ်မ-၃၃ ကနေ ရဟတ်ယာဉ်တွေအပြင် Mi-17 သုံးစီးနဲ့ အင်အားဖြည့်တင်းတာတွေ ဆက်တိုက်လုပ်ဆောင်ခဲ့တယ်လို့ Wetlet Information Network ကပြောပါတယ်။

MFP ရဲ့ သတင်း၊ ဆောင်းပါးနဲ့ ရုပ်သံတွေကို ယူကျူ့နဲ့ တယ်လီဂရမ်မှာလည်း ကြည့်နိုင်ပါတယ်။

Related Articles

Back to top button