MN/MFP ၊ အောက်တိုဘာ – ၂၃
စစ်ကိုင်းတိုင်း၊ မုံရွာနဲ့ ချောင်းဦးနယ်အစပ်မှာ သီတင်းကျွတ်လပြည့်နေ့ည ဆီမီးထွန်းသပိတ် ဗုံးကြဲခံရတဲ့ ဖြစ်စဉ်မှာ ထိခိုက်ဒဏ်ရာရရှိသူတွေထဲက သပိတ်အဖွဲ့ဝင်တစ်ဦး ဆေးဝါးကုသမှုခံယူနေစဉ် အောက်တိုဘာ ၂၁ ရက်မှာ ပြင်းထန်ဒဏ်ရာတွေကြောင့် ကွယ်လွန်သွားခဲ့တယ်လို့ မုံရွာလူထုသပိတ်တိုက်ပွဲ ဦးဆောင်ကော်မတီက ထုတ်ပြန်ထားပါတယ်။
ချောင်းဦးမြို့နယ် မြောက်ခြမ်း မုံရွာနယ်အစပ်ရှိ ဘုံတိုရွာမှာ အောက်တိုဘာ ၆ ရက် သီတင်းကျွတ်လပြည့်နေ့ ည ရှစ်နာရီ ဝန်းကျင်မှာ စစ်အာဏာရှင်ဆန့်ရှင်ရေး ဆီမီးထွန်းသပိတ်ပြုလုပ်နေချိန် စစ်အုပ်စု အနောက်မြောက်တိုင်း စစ်ဌာနချုပ် – မုံရွာကနေ တက်လာတဲ့ စက်တပ်လေထီး ပါရာမော်တာနဲ့ ၁၂၀ မမ ဗုံးသီး နှစ်လုံး ကြဲချတိုက်ခိုက်ခဲ့တာကြောင့် စုစုပေါင်း သေဆုံးသူ ၂၄ ဦးနဲ့ ဒဏ်ရာရသူ ၆၀ ကျော်ရှိခဲ့တာဖြစ်ပါတယ်။
လက်ရှိ ဆေးဝါးကုသမှုခံယူနေသူတွေထဲက မုံရွာလူထုသပိတ်တိုက်ပွဲ ဦးဆောင်ကော်မတီ၊ မုံရွာတောင်နယ် A3Y လူငယ်အပတ်စဉ် ရွေ့လျားစာကြည့်တိုက်အဖွဲ့ဝင်ဖြစ်တဲ့ အသက် ၁၇ နှစ်အရွယ် ကိုမြင့်မြတ်မျိုးဟာ ဆေးဝါးကုသမှုခံယူနေစဉ် အောက်တိုဘာ ၂၁ ရက်မှာ ကျဆုံးသွားခဲ့တာဖြစ်တယ်လို့ မုံရွာလူထုသပိတ်တိုက်ပွဲ ဦးဆောင်ကော်မတီက မနေ့က ညပိုင်းမှာ သတင်းထုတ်ပြန်ထားပါတယ်။
“ထိခိုက်ဒဏ်ရာရပြီးတော့ ဆေးဝါးကုသမှုခံယူနေတဲ့သူတွေထဲက သေဆုံးသူတစ်ဦးတိုးပါတယ်။ ကျန်တဲ့ ဒဏ်ရာရရှိသူတွေကတော့ ဆေးဝါးကုသမှုခံယူနေဆဲပါဗျ”လို့ မြေပြင်သတင်းရင်းမြစ် တစ်ဦးက MFP ကို ပြောပါတယ်။
လက်ရှိမှာ ဗုံးစထိမှန်ခဲ့တဲ့ ထိခိုက်ဒဏ်ရာရသူတွေကို ဆေးဝါးကုသမှုတွေ ပြုလုပ်ပေးနေဆဲဖြစ်ပြီး စိုးရိမ်ဒဏ်ရာရရှိခဲ့သူတွေဟာ ဦးခေါင်းနဲ့ ဝမ်းဗိုက်ပိုင်းနေရာတွေမှာ ပြင်းထန်ဒဏ်ရာတွေ ရရှိထားတာတွေ့ရတယ်လို့ ကူညီကယ်ဆယ်ရေးလုပ်ဆောင်ပေးခဲ့သူတွေက MFP ကို ပြောဆိုထားတယ်။
အောက်တိုဘာ ၆ ရက်ညမှာ ချောင်းဦးနယ်ထဲက ဆီမီးထွန်းသပိတ်ကို စစ်အုပ်စု ဗုံးကြဲသတ်ဖြတ်ခဲ့ပြီးနောက် မြေပြင်မှာ ကူညီကယ်ဆယ်ရေးလုပ်ဆောင်နေသူတွေနဲ့ ဆေးဝါးကုသမှုခံယူမယ့်သူတွေ ထပ်မံ အခက်အခဲဖြစ်စေဖို့အတွက် စစ်အုပ်စုက ပါရာမိုတာနဲ့ မုံရွာနဲ့ ချောင်းဦးနယ်ထဲ ဗုံးထပ်ကြဲခဲ့သလို လက်နက်ကြီးတွေနဲ့ပါ ဆက်တိုက်ပစ်ခတ်နေခဲ့တာကြောင့် သေဆုံးသူအချို့ကို ညတွင်းချင်း ဖြစ်သလို သင်္ဂြိုဟ်ခဲ့ရပါတယ်။
ဆီမီးထွန်းသပိတ် ဗုံးကြဲခံရတဲ့ဖြစ်စဉ်မှာ အောက်တိုဘာ ၂၃ ရက် ဒီနေ့အထိ အသက် ၁၈ နှစ်အောက် ကလေးငယ် လေးဦးအပါဝင် စုစုပေါင်း ၂၄ ဦး သေဆုံးခဲ့ပြီး ၆၀ ကျော် ထိခိုက်ဒဏ်ရာတွေရရှိခဲ့တာဖြစ်တယ်လို့ ဒေသခံသတင်းရင်းမြစ်တွေက ပြောပါတယ်။
ဗုံးကြဲခံရပြီး သေဆုံးခဲ့သူတွေထဲမှာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF ရဲဘော် ခြောက်ဦး၊ သပိတ်အဖွဲ့ဝင် ငါးဦး၊ ပညာရေး CDM နှစ်ဦး ဒေသခံပြည်သူ ၁၁ ဦး စုစုပေါင်း အမျိုးသား ၂၁ ဦးနဲ့ အမျိုးသမီးသုံးဦးသေဆုံးခဲ့ရပြီး ကလေးငယ်တွေအပါဝင် စုစုပေါင်း အမျိုးသား ၄၃ ဦးနဲ့ အမျိုးသမီး ၂၀ ဦး ထိခိုက်ဒဏ်ရာတွေရခဲ့တာကြောင့် လက်ရှိမှာ ဆေးဝါးကုသမှု ခံယူနေရတဲ့သူတွေအတွက်လည်း ဆေးဝါးနဲ့ ငွေးကြေးလိုအပ်နေတယ်လို့လည်း ဒေသခံ သတင်းရင်းမြစ်တွေက MFP ကို ပြောဆိုထားပါတယ်။
ချောင်းဦးမြို့နယ်ထဲမှာ စစ်အုပ်စုက ကျေးရွာတွေကို တိုက်ပွဲမရှိဘဲ စက်တပ်လေထီး ဂျိုင်ရိုကော်ပတာတွေနဲ့ လေကြောင်းကနေ ဗုံးကြဲသတ်ဖြတ်တာ၊ လက်နက်ကြီးတွေနဲ့ပစ်ခတ်တာတွေကြောင့် ဒေသခံပြည်သူတွေ မကြာခဏ ထိခိုက်သေဆုံးတာတွေ ဖြစ်ပေါ်နေတယ်လို့ ဒေသခံတွေက ဆိုပါတယ်။
MFP ရဲ့ သတင်း၊ ဆောင်းပါးနဲ့ ရုပ်သံတွေကို ယူကျူ့နဲ့ တယ်လီဂရမ်မှာလည်း ကြည့်နိုင်ပါတယ်။



