စစ်ကိုင်းသတင်း

ကလေးနယ်တောင်ပိုင်းက ရွာတွေကို စစ်အုပ်စုလက်နက်ကြီး ပစ်ခတ်တာကြောင့် ကလေးငယ်နှစ်ဦးနဲ့ အမျိုးသားတစ်ဦး ထိမှန်ဒဏ်ရာရ


ဒေသခံတွေ စိုက်ပျိုးထားတဲ့ စပါးခင်းဧကရာနဲ့ချီကို ရိတ်သိမ်းလို့မရအောင် မိုင်းထောင်ထားပြီး စစ်အုပ်စု ခိုးယူနေ

ကိုသူ /MFP ၊အောက်တိုဘာ-၂၄

စစ်ကိုင်းတိုင်း ကလေးမြို့နယ် တောင်ပိုင်းက ဒိုးနွယ်ကျေးရွာနဲ့ ကျော်ရွာကျေးရွာတို့ကို အောက်တိုဘာလ ၂၂ ရက်နေ့မှာ စစ်အုပ်စုလက်နက်ကြီးနဲ့ ပစ်ခတ်တိုက်ခိုက်တာကြောင့် အသက်မပြည့်တဲ့ ကလေးငယ်နှစ်ဦးနဲ့ အမျိုးသားတစ်ဦး ထိမှန်ဒဏ်ရာ ရရှိတယ်လို့ ဒေသခံသတင်းရင်းမြစ်တွေက ပြောပါတယ်။

ကလေးမြို့နယ်တောင်ပိုင်း စစ်အုပ်စုအထိုင်ချထားတဲ့ ကြံသာကျေးရွာကနေ ဒိုးနွယ်ကျေးရွာနဲ့ ကျော်ရွာကျေးရွာကို လက်နက်ကြီးတွေ ဆက်တိုက် ပစ်ခတ်ခဲ့တာကြောင့် ဒိုးနွယ်ကျေးရွာဒေသခံ ဦး‌ဌေးဝင်း၊ အသက်ရှစ်နှစ်အရွယ် သားဖြစ်သူနဲ့ အသက် ၁၃ နှစ်အရွယ် ကလေးငယ်တစ်ဦးတို့ လက်နက်ကြီး ထိမှန်ဒဏ်ရာ ရရှိခဲ့တယ်လို့ ဒိုးနွယ်ကျေးရွာ ဒေသခံတစ်ဦးက ပြောပါတယ်။

“ဦးဌေးဝင်းက ပေါင်မှန်တာ။ ဒူးဆစ်ကနေ ပွင့်ထွက်သွားတယ်။ သူ့သားကတော့ အသက်ရှစ်နှစ် ကလေး သူလဲဒဏ်ရာရတယ်။ နောက်တစ်ယောက်ကတော့ တင်သားက စစ်ရှောင်လာတဲ့ အသက် ၁၃ နှစ် မိန်းကလေး သူလဲ ဒဏ်ရာရတယ်”

ဒဏ်ရာ ရရှိသူ သုံးဦးဟာ ဝမ်းဗိုက်၊ ပေါင်၊ ဦးခေါင်းနဲ့ ခြေလက်တွေမှာ လက်နက်ကြီးအပိုင်းအစတွေ စိုက်ဝင်ဒဏ်ရာ ရရှိခဲ့တာကြောင့် ဆေးဝါးကုသမှုခံယူ နေရတယ်လို့ ဆိုပါတယ်။

တစ်ဆက်ထဲမှာပဲ စစ်အုပ်စုတပ်တွေက ကြံသာကျေးရွာကနေ ဒရုန်းနဲ့ ကင်း‌ထောက်လှမ်းနေသလို ဒရုန်းကြဲချတိုက်ခိုက်တာနဲ့ လက်နက်ကြီးနဲ့ အဆက်မပြတ် ပစ်ခတ်နေတာကြောင့် တင်သား၊ ဒိုးနွယ် နဲ့ ကြံသာရွာအနီးမှာ စိုက်ပျိုးထားတဲ့ လယ်ဧက ၁၅၀ လည်း မရိတ်သိမ်းနိုင်သေးဘူးလို့ ဒိုးနွယ်ကျေးရွာမှာနေထိုင်သူ တောင်သူတစ်ဦးက ပြောပါတယ်။

“စပါးရိတ်ဖို့ သွားတာ စက်တွေ ဒရုန်းနဲ့ ဗုံးကြဲလို့ ပြန်ပေးခဲ့ရတယ်။ သုံး‌ထောင်လောက် အကွာမှာ ကျတာ၊ ရွံပျော့ထဲကျလို့ မပေါက်တာ၊ လူတော့ အထိအခိုက်မရှိဘူး “

ဒီလို စစ်အုပ်စုတပ်တွေက လက်နက်ကြီးနဲ့ ပစ်ခတ်တိုက်ခိုက်နေတာကြောင့် စိုက်ပျိုးထားတဲ့ စပါးတွေကို အချိန်မှီမရိတ်သိမ်းနိုင်တာကြောင့် ပျက်စီးနေသလို စစ်အုပ်စုက လယ်ကွင်းတွေအထဲမှာ မိုင်းထောင်တာနဲ့ ခိုးယူရိတ်သိမ်းတာတွေလဲ ရှိတယ်လို့ တင်သားကျေးရွာ ဒေသခံတွေက ဆိုပါတယ်။

ကလေးမြို့နယ် အတွင်းမှာ ကလေး -တမူး လမ်းမကြီးအတိုင်း စစ်ကြောင်းထိုးနေတဲ့ စစ်အုပ်စုက အောက်တိုဘာ ၁၉ ရက်နေ့မှာ ခုံသာကျေးရွာက အမျိုးသား ရှစ်ဦးနဲ့ အောက်တိုဘာ ၂၀ ရက်‌နေ့မှာ ရာဇဂြိုဟ်ကျေးရွာက အမျိုးသား ၁၀ ဦးတို့ကို ဖမ်းဆီးသတ်ဖြတ်ခဲ့သလို လက်ပံချောင်း၊ ညောင်ကုန်း ၊ခုံသာ ၊နန်းစောင်းပု ကျေးရွာ‌တွေက နေအိမ်တွေကိုလည်း မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ကလေးမြို့ လူထု သပိတ်ဦးဆောင်သူတွေရဲ့ ကောက်ယူထားတဲ့ အချက်အလတ်တွေအရ အာဏာသိမ်းလေးနှစ် ကျော်အတွင်း စစ်အုပ်စုသတ်ဖြတ်လို့ သေဆုံးသူ ၅၀၀ ကျော်နဲ့ စစ်အုပ်စု စစ်ကြောင်းထိုး ဝင်ရောက်စဉ်အတွင်း ဘာသာပေါင်းစုံ သာသနိကအဆောက်အဦး ၄၄ လုံး၊ မီးရှို့ခံရတဲ့ ကျေးရွာပေါင်း ၄၄ ရွာ၊ နေအိမ်ပေါင်း ၆၂၅၀ လုံးရှိတယ်လို့ မြေပြင်မှာ ကူညီကယ်ဆယ်ရေးလုပ်နေသူတွေရဲ့ ကောက်ယူထားတဲ့ အချက်အလတ်တွေမှာ တွေ့ရပါတယ်။

MFP ရဲ့ သတင်း၊ ဆောင်းပါးနဲ့ ရုပ်သံတွေကို ယူကျူ့နဲ့ တယ်လီဂရမ်မှာလည်း ကြည့်နိုင်ပါတယ်။

Related Articles

Back to top button