နွေဦး/MFP၊အောက်တိုဘာ-၃၀
တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA)ထိန်းချုပ်ထားတဲ့ မိုးကုတ်နဲ့ မိုးမိတ်မြို့နယ်တို့ကနေ တပ်တွေ ချက်ချင်းပြန်ဆုတ်မှာမဟုတ်ဘူးလို့ MFPရဲ့ စစ်ရေးသတင်းအရင်းအမြစ် တစ်ဦးက ပြောပါတယ်။
တရုတ်နိုင်ငံရဲ့ ကြားဝင်စေ့စပ်မှုကြောင့် စစ်အုပ်စုနဲ့ TNLA တို့ တရုတ်နိုင်ငံ ကူမင်းမြို့နယ်မှာ ကိုးကြိမ်မြောက် တွေ့ဆုံပြီးနောက် အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်နဲ့ မိုးကုတ်နဲ့ မိုးမိတ်မြို့တို့ကနေ တပ်တွေ ဆုတ်ခွာမယ်လို့ အောက်တိုဘာလ ၂၉ ရက်နေ့က ထုတ်ပြန်ခဲ့တာ ဖြစ်ပါတယ်။
ကြေညာချက်ထုတ်ပြန်ပြီးချိန်ကနေ ဒီနေ့အထိ TNLA တပ်ဖွဲ့ဝင်တွေရဲ့မိသားစုဝင်တွေနဲ့ စစ်အုပ်စုလက်အောက်မှာ မနေထိုင်လိုတဲ့ ဒေသခံတွေကနေ ရွှေ့ပြောင်းနေတာရှိပေမဲ့ TNLA တပ်တွေကတော့ ဆုတ်ခွာဖို့ ပြင်ဆင်နေတာ မရှိသေးဘူးလို့ မိုးကုတ်မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ရဲ့ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။
“မိုးကုတ်မှာတော့ TNLA တပ်တွေက MNDAA လို အလုံးအရင်းနဲ့ ဆုတ်ခွာနေတာ မရှိပါဘူး။ ဒီနေ့အထိ ပုံမှန်ပါပဲ။ ကျွန်တော်အမြင်အရတော့ တစ်ပတ်၊ ဆယ်ရက်ကြာနိုင်တယ်။လောလောဆယ်တော့ ဌာနဆိုင်ရာက မိသားစုဝင်တွေကတော့ ပြောင်းရွှေ့နေတာလောက်ပဲ ရှိသေးတယ်”
ဒါ့အပြင် TNLA ဘက်ကလည်း မြေပြင်မှာရှိနေတဲ့ တော်လှန်ရေးအင်အားစုတွေကို တပ်တွေပြန်ဆုတ်မဲ့ ကိစ္စနဲ့ပတ်သက်လို့ ဆွေးနွေးပြောဆိုတာမျိုး မရှိသလို၊ အသိပေးအကြောင်းကြားတာလည်း မရှိသေးဘူးလို့ ဆိုပါတယ်။
မိုးကုတ်နဲ့မိုးမိတ်မြို့နယ်တို့ကို ဘယ်လိုလမ်းကြောင်းတွေကနေ စစ်အုပ်စုတပ်တွေ ဝင်ရောက်လာမလဲဆိုတာကိုတော့ စောင့်ကြည့်ရမှာဖြစ်ပြီး လားရှိုးမြို့လို လွယ်လွယ်ကူကူ ဝင်ရောက်နိုင်မှာ မဟုတ်ဘူးလို့လည်း ပြောပါတယ်။
၁၀၂၇ စစ်ဆင်ရေး ဒုတိယပိုင်းမှာ မိုးကုတ်နဲ့ မိုးမိတ်မြို့နယ်တို့ကို TNLA နဲ့ မဟာမိတ်ပူးပေါင်းတပ်တွေက တိုက်ခိုက်သိမ်းယူခဲ့တာဖြစ်ပြီး မြို့တွေရဲ့ စီးပွားရေးနဲ့ အုပ်ချုပ်ရေးစတဲ့ ကဏ္ဍတွေကို TNLA က ဦးဆောင်ကွပ်ကဲနေတာ ဖြစ်ပါတယ်။
စစ်အုပ်စုနဲ့ TNLA အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်နဲ့ မိုးကုတ်နဲ့မိုးမိတ်မြို့နယ်တို့ကို စစ်အုပ်စုလက်ထဲ ပြန်ပေးလိုက်ရတဲ့အပေါ် ဝမ်းနည်းမိတယ်လို့လည်း မိုးကုတ်ဒေသခံတစ်ဦးက ပြောပါတယ်။
“အဓိကကတော့ မြို့ခံတစ်ယောက်အနေနဲ့ စိတ်မကောင်းဖြစ်မိတယ်။ ကြေညာချက်အတုလို့တောင် ထင်မိတယ်။ တစ်ဆက်ထဲမှာပဲ NUG ကို မေးခွန်းထုတ်ချင်တာက ဒီအတိုင်း ကြည့်ကောင်းနေသလား။ တစ်စုံတစ်ရာ ဝင်မပြောတော့ဘူးလား ဆိုတာပါပဲ”
ကျောက်မဲ၊ သီပေါနဲ့လားရှိုးမြို့နယ်တို့ကို စစ်အုပ်စုဝင်ရောက်ပြီးနောက်ပိုင်း TNLAနဲ့ တော်လှန်ရေး အင်အားစုတွေကို ထောက်ခံအားပေးသူတွေကို ရှာဖွေဖမ်းဆီးတာနဲ့ နေအိမ်တွေကို ချိတ်ပိတ်တာတွေ လုပ်ဆောင်နေတာကြောင့် အလားတူ ဖြစ်ရပ်တွေ ကြုံလာမှာကို စိုးရိမ်မှုတွေ ရှိနေတယ်လို့ မြို့ခံတွေက ဆိုကြပါတယ်။
တစ်ဆက်ထဲမှာပဲ ပြည်သူ့ကာကွယ်ရေးတပ်မတော်(မန္တလေး)နဲ့ မိုးကုတ်ဗျုဟာကလည်း မန္တလေးတိုင်းအတွင်းက သိမ်းပိုက်ထိန်းချုပ်ထားတဲ့ ဒေသတွေက်ို ဆက်လက်ကာကွယ်သွားမှာ ဖြစ်သလို နိုင်ငံတစ်ဝန်းက လူငယ်တွေအနေနဲ့ တော်လှန်ရေးတပ်တွေထံ ပူးပေါင်းဝင်ရောက်ဖို့ ဖိတ်ခေါ် ထုတ်ပြန်ထားကြပါတယ်။
ဒီကိစ္စနဲ့ပတ်သက်ပြီး အတိအကျသိရဖို့ TNLA ရဲ့ ပြောရေးဆိုခွင့်ရှိသူ လွေးယေဦးကို MFP က တယ်လီဖုန်းနဲ့ အကြိမ်ကြိမ်ဆက်သွယ်ခဲ့ပေမဲ့ ဖုန်းမဖြေဆိုပါဘူး။
MFP ရဲ့ သတင်း၊ ဆောင်းပါးနဲ့ ရုပ်သံတွေကို ယူကျူ့နဲ့ တယ်လီဂရမ်မှာလည်း ကြည့်နိုင်ပါတယ်။



