ထက်ဖြိုး/ MFP ၊ အောက်တိုဘာ – ၃၀
စစ်ကိုင်းတိုင်း၊ယင်းမာပင်ခရိုင် ပုလဲမြို့နယ် အနောက်မြောက်ခြမ်း မြောက်ယမားဆည်အနီးက ချင်ပြစ်ကျင်းရွာကို စစ်အုပ်စုက အောက်တိုဘာလ ၃၀ ရက် ဒီကနေ့မနက်မှာ ဂျက်ဖိုက်တာနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ဆိုင်ကယ်နဲ့ ဆီလာသွင်းတဲ့ အမျိုးသားတစ်ဦး သေဆုံးသွားတယ်လို့ ချင်ပြစ်ကျင်းရွာ ဒေသခံက ပြောပါတယ်။
ချင်ပြစ်ကျင်းရွာကို အောက်တိုဘာလ ၃၀ ရက် ဒီကနေ့မနက် ၁၀ နာရီခွဲလောက်က ဂျက်ဖိုက်တာနဲ့ ဗုံးကြဲချတိုက်ခိုက်သွားတာဖြစ်ပြီး ဆီဆိုင်ကို ဒီဇယ်ဆီလာသွင်းတဲ့ အမျိုးသားတစ်ဦး သေဆုံးပြီး တစ်ဦးဒဏ်ရာရရှိသွားခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။
“ကျတာက ပင်မလက်တံ ဘောင်ပေါကျတာ။ ပြင်းတော့ မီတာ ၁၀၀ လောက်က အိမ်နှစ်လုံး ပြိုကျသွားတယ်။ ကံကောင်းတာက အိမ်တွေမှာ လူမရှိဘူး။ လမ်းသွားလမ်းလာလို့ ပြောရမယ့် ဒီဇယ်လာပို့တဲ့ ဆိုင်ကယ်နဲ့လူ ပွဲချင်းပြီးသေတယ်။ ဒေသခံထဲက ရွာသားတစ်ဦး အသက် ၆၀ ဝန်းကျင် တစ်ဦး ဒဏ်ရာရတယ်”လို့ ချင်ပြစ်ကျင်းရွာခံ တစ်ဦးကပြောပါတယ်။
စစ်အုပ်စု ဗုံးကြဲပစ်ခတ်သွားတဲ့နေရာက မြောက်ယမားဆည် ပင်မမြောင်းရဲ့ ချင်ပြစ်ကျင်းရွာ အဝင်ကနေအိမ်ကို ကြဲချတိုက်ခိုက်ခဲ့တာဖြစ်ပြီး နေအိမ်လေးအိမ် ထိမှန်ခဲ့ပြီး နှစ်အိမ်ကတော့ လုံးဝပျက်စီးသွားတယ်လို့ ဆိုပါတယ်။
စစ်အုပ်စုလေကြောင်း တိုက်ခိုက်ခဲ့တဲ့ နေအိမ်တွေမှာ လူနေထိုင်တာမရှိတာကြောင့် အိမ်ရှင်တွေထိခိုက်တာမျိုး မရှိဘူးလို့ ဒေသခံတွေက ဆိုပါတယ်။
ဒ့ါအပြင် စစ်အုပ်စုက အောက်တိုဘာလ ၂၉ ရက် နေ့လယ်ပိုင်းက စပိုင်ဘောလုံး(Spy Ballon) နှစ်လုံးနဲ့ ကင်းထောက်လှမ်းခဲ့ပြီးနောက် ဒီနေ့မှာ လေကြောင်းကနေ ဗုံးလာကြဲသွားတာလို့ ဆိုပါတယ်။
အာဏာသိမ်းလေးနှစ်အတွင်း စစ်ကိုင်းတိုင်းမှာ စစ်အုပ်စုရဲ့ အကြမ်းဖက်ဖြစ်ရပ်တွေကြောင့် အရပ်သားထိခိုက်သေဆုံးမှု ငါးထောင်ကျော် (၅၃၀၄ ဦး) ရှိခဲ့ပြီး ဒဏ်ရာရသူ လေးထောင်နီးပါး (၃၇၈၈ ဦး) ရှိခဲ့တယ်လို့ လွတ်လပ်တဲ့သုတေသနအဖွဲ့တစ်ခုဖြစ်တဲ့ (Data for Myanmar) က မတ်လ ၁၂ နေ့က ထုတ်ပြန်ထားပါတယ်။
ပုလဲမြို့နယ် ညောင်ကုန်းကျေးရွာဘုန်းကြီးကျောင်းကို ၂၀၂၃ ခုနှစ် ဇွန်လ ၂၇ ရက်က လေကြောင်းဗုံးကြဲသွားခဲ့စဉ်က။
MFP ရဲ့ သတင်း၊ ဆောင်းပါးနဲ့ ရုပ်သံတွေကို ယူကျူ့နဲ့ တယ်လီဂရမ်မှာလည်း ကြည့်နိုင်ပါတယ်။



