မောင်သက်/MFP၊ အောက်တိုဘာ – ၃၁
စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်တွင်းမှာရှိတဲ့ တရုတ်ပိုင်ကုမ္မဏီဖြစ်တဲ့ ဝမ်ပေါင်ကြေးနီစီမံကိန်းကလုပ်ငန်းတွေ လက်နက်ကြီး ပစ်ခတ်ခံရပြီးနောက် ဒီနေ့နေ့အထိ လုပ်ငန်းပြန်မလည်ပတ်
နိုင်သေးဘူးလို့ ဒေသခံသတင်းရင်းမြစ်တွေက MFP ကိုပြောပါတယ်။
ဝမ်ပေါင်စီမံကိန်းအနီးက ရွာတွေကို စစ်အုပ်စုက တစ်ပတ်အကြာစစ်ကြောင်းထိုးပြီးနောက် ဒေသခံတွေက်ို ဓားစာခံအဖြစ် ဖမ်းဆီးတာနဲ့ သတ်ဖြတ်တာတွေအပြင် လေကြောင်းကနေလည်း ဗုံးကြဲတိုက်ခိုက်တာတွေ ဆက်တိုက်လုပ်ဆောင်ခဲ့တာပါ။
ဒါကြောင့် အမည်မသိတဲ့ လက်နက်ကိုင်တော်လှန်ရေးအဖွဲ့အစည်းက အောက်တိုဘာ ၂၃ ရက်နဲ့ ၂၅ရက်နေ့မှာ လက်တုံ့ပြန်တဲ့အနေနဲ့ စီမံကိန်းအထဲကို လက်နက်ကြီးပစ်ခတ်ခဲ့တာကြောင့် ထရမ်စဖော်မာ ပေါက်ကွဲခဲ့ပြီး လုပ်ငန်းမလည်ပတ်နိုင်သေးပဲ ပညာရှင်တွေခေါ်ကာ ပြန်လည်ပြုပြင်ဖို့ လုပ်ဆောင်နေတယ်လို့ ဆိုပါတယ်။
“ဝမ်ပေါင်က အထိခိုက် ကြီးကြီးမားမားရှိတယ်။ ခုထိမလည်ပတ်တာမကြားသေးဘူး၊ လက်ရှိမြန်မာဝမ်ထမ်းတွေကို လုပ်ငန်းခွင်ထဲမထားပဲ အခြားသီးသန့်တနေရာထားပြီး လုပ်ငန်းအားလုံးရပ်ထားတယ်”လို့ လုံခြုံရေးကြောင့် အမည်မဖော်လိုတဲ့ကုမ္မဏီနဲ့ နီးစပ်သူတဥိီးက MFPကိုပြောပါတယ်။
ဒါ့အပြင် ပြီးခဲ့တဲ့ အောက်တိုဘာ ၂၅ရက်က လက်နက်ကြီးပစ်ခတ်ခံရမှုမှာတော့ ဝမ်ပေါင်ကုမ္မဏီရဲ့ ပင်မဝင်ပေါက်ဖြစ်တဲ့ လုံခြုံရေးဂိတ်အနား ကျရောက်ပေါက်ကွဲခဲ့ပြီး ဝန်ထမ်းတချို့လည်း ထိခိုက်ဒဏ်ရာရကာ အဆောက်အုံတွေ ပျက်စီးသွားတယ်လို့ ဆိုပါတယ်။
အာဏာသိမ်းပြီးနောက်ပိုင်း ဝမ်ပေါင်ကုမ္မဏီအတွင်းက စီမံကိန်းမှာ အလုပ်ပြန်ဝင်နေကြတဲ့ Non CDM ဝန်ထမ်းတွေလည်း အလုပ်သမားအခွင့်အရေးတွေ ချိုးဖောက်ခံနေရသလို အိမ်ပြန်ခွင့်လည်းမရကြဘူးလို့ အဲဒီအခြေအနေကို သိသူတစ်ဦးက ပြောပါတယ်။
“လက်နက်ကြီးထုတာရယ်၊ ဖိနှိပ်ချုပ်ချယ်မှုတွေရယ်၊မလွတ်လပ်တာတွေရှိတော့ အချို့ဝန်ထမ်းတွေက အိမ်ပြန်ချင်ကြတယ်။ ဒါပေမဲ့ ပြန်ခွင့်မပေးတော့ ပြန်ဖို့လည်း မလွယ်ကြဘူး”လို့ ကုမ္မဏီရဲ့ အတွင်းရေးသိသူတဦးက MFPကိုပြောပါတယ်။
လက်ရှိမှာ ဆားလင်းကြီးမြို့နယ်တွင်းကို စစ်အုပ်စုအင်အား ၁၅၀ လောက်နဲ့ တစ်ရွာဝင်တစ်ရွာထွက် စစ်ကြောင်းထိုးနေတာကြောင့် လက်ပံတောင်း၊ ရွှေလှေ၊ ပလောင်၊ ကူးတို့ကုန်း၊ ဝဲကြီး၊ ဝဲကွဲ၊ ဝှက်မှေး၊ ကံတော၊ ဇီးတော၊ ဆည်တဲ၊ သဲကောကြီး၊ လယ်တီ၊ တုံ၊ တောကျောင်း၊ ဖောင်းကတာ၊ ထန်းတောကြီး၊ မိုးကြိုးပြင်စတဲ့ ကျေးရွာပေါင်း ဆယ်ရွာကျော်က ပြည်သူ ၂၀,၀၀၀ ခန့် စစ်ဘေးရှောင် ထွက်ပြေးနေကြရပြီး စားသောက်နေထိုင်ရေးနဲ့ ကျန်းမာရေး စောင့်ရှောက်မှုတွေ လိုအပ်နေတယ်လို့ ဆိုပါတယ်။
စစ်ကိုင်းတိုင်းရဲ့မြို့တော် မုံရွာမြို့ရဲ့ ချင်းတွင်းမြစ်တဖက်ကမ်း၊ ယင်းမာပင်နဲ့ ဆားလင်းကြီးနယ်ထဲက စံပယ်တောင်၊ ကြေးစင်တောင်နဲ့ လက်ပံတောင်းတောင်တွေကို ဖြိုကာ တရုတ်က ကြေးနီတူးနေပြီး အဲ့ဒီ တရုတ်ပိုင် မြန်မာဝမ်ဘောင်နဲ့ မြန်မာယန်စီ ကြေးနီစက်ရုံတွေကို စစ်အုပ်စုက ဂိတ်စောင့် လုံခြုံရေးယူပေးထားကာ တူးဖော်ထွက်ရှိလာတဲ့ ကြေးနီတွေကိုလည်း စစ်သင်္ဘောတွေ အသုံးပြုပြီး မြစ်ကြောင်းကတဆင့် သယ်ထုတ်ပေးနေတာ ဖြစ်ပါတယ်။
MFP ရဲ့ သတင်း၊ ဆောင်းပါးနဲ့ ရုပ်သံတွေကို ယူကျူ့နဲ့ တယ်လီဂရမ်မှာလည်း ကြည့်နိုင်ပါတယ်။



