အကျဉ်းသား ၁၀၀ ကျော်က အကျဉ်းသားအခွင့်အရေးနဲ့ တရားဥပဒေနဲ့ညီတဲ့ ပလဖတွေ ရှိလာဖို့တောင်းဆို
ကိုသူ/ MFP၊ နိုဝင်ဘာ – ၃
စစ်ကိုင်းတိုင်းအထက်ပိုင်း ဖောင်းပြင်မြို့နယ်မှာရှိတဲ့ အမျိုးသားညီညွှတ်ရေးအစိုးရ(NUG)ရဲ့ အကျဉ်းထောင်မှာ ဖမ်းဆီးချုပ်နှောင်ခံထားရတဲ့ အကျဉ်းသားတွေက သုံးရက်တာ ဆန္ဒပြခဲ့မှု ဖြစ်ပွားခဲ့တယ်လို့ ဒေသခံ သတင်းရင်းမြစ်တွေက MFP ကို အတည်ပြု ပြောပါတယ်။
အဲဒီအကျဉ်းထောင်မှာ ပြစ်မှုအမျိုးမျိုးနဲ့ ဖမ်းဆီးချုပ်နှောင်ခံထားရတဲ့ အကျဉ်းသား ၁၀၀ကျော်ရှိပြီး ပြည့်သူ့လုံခြုံရေး (ပလဖ ) တာဝန်ရှိသူတွေကို အောက်တိုဘာ ၃၁ ရက်နေ့ကနေ နိုဝင်ဘာ ၂ ရက်နေ့အထိ သုံးရက်တာဆန္ဒပြခဲ့ကြတာလို့ ဆိုပါတယ်။
“တရားဥပဒေနဲ့မညီသော ပလဖ အလိုမရှိ၊ အကျဉ်းသား အခွင့်အရေးရရှိရေး ” ဆိုတဲ့ စာသားတွေကို ကြွေးကြော်တောင်းဆိုခဲ့ကြတာလို့ အကျဉ်းထောင်နဲ့ နီးစပ်သူတဦးက ပြောပါတယ်။
“အချုပ်ခန်း စောင့်တဲ့ ရဲဘော်တစ်ဦးက မူးပြီးတော့ အကျဉ်းသားတွေကို စိန်ခေါ်ရာကနေ ဆန္ဒပြ ကြတာလို့ သိရတယ်။ ပလဖ ရဲဘော်တွေက သေနတ်ယူပြီး သတ်မယ်။ ချိန်းခြောက်တာတွေ လုပ်တယ်လို့ သိရတယ်။ နောက်တချက်က ပလဖက အကျဉ်းသားတွေဆီကနေ ငွေတောင်းကြမ်းတာကို မကျေနပ်ကြတာ”
အကျဉ်းထောင်မှာ အစောင့်တာဝန်ကျတဲ့ ပြည့်သူ့လုံခြုံရေး(ပလဖ) ရဲဘော်တဦးက အကျဉ်းသားတွေကို အော်ဟစ်ဆဲဆိုချိန်းခြောက်ရာကနေ ဆန္ဒပြမှုစတင်ခဲ့ပြီး အကျဉ်းသားတွေက မြို့နယ်ပလဖ တာဝန်ခံတွေနဲ့ မြို့နယ်တရားသူကြီးတွေကို အရေးယူပေးဖို့နဲ့ အကျဉ်းသားအခွင့် အရေးရရှိဖို့ကို တောင်းဆိုခဲ့ကြတယ်လို့ ဆိုပါတယ်။
လတ်တလောမှာတော့ ဆန္ဒပြတာ ငြိမ်သက်သွားပေမဲ့ တာဝန်ရှိသူတွေက ဘယ်လိုကိုင်တွယ်ဖြေရှင်းမယ်ဆိုတာ မသိရသေးဘူးလို့ ဖောင်းပြင်မြို့နယ် အုပ်ချုပ်ရေးအဖွဲ့ ဝင်တဦးက ဆက်ပြောပါတယ်။
“တရားသူကြီးက ကျွမ်းကျင်တဲ့သူ မဟုတ်ဘူး၊ရဲကရေးတာကို သူက အမိန့်ချလိုက်တာ၊ အဲ့ဒီမှာ ပြစ်မှုပြစ်ဒဏ်က မဆီလျှော်တာတွေ ရှိတယ်။ နှစ်တွေက မတန်မရာတွေ ချတာရှိတယ်။ ပလဖက မိသားစုဝင်တွေကို ငွေတောင်းပြီး ငွေပေးနိုင်ရင် လွတ်တဲ့ ကိစ္စတွေ ရှိတယ်။ အဲ့ဒီ အချက်တွေလဲ ပါလာလို့ဆန္ဒပြကြတာ။ အခုကတော့ ပလဖက အကျဉ်းသားတွေကို လက်မှတ်ထိုးပြီး နောင်မဆူဖို့ ခိုင်းထားတယ်လို့ သိရတယ်
။အထက်ကတော့ ဘယ်လိုလုပ်ကြတယ်မသိသေးဘူး”
အကျဉ်းထောင်မှာ ဖမ်းဆီးခံရသူအများစုဟာ တရားမဝင် မှုးယစ်ဆေးဝါးသုံးစွဲရောင်းချတာ၊ အဓမ္မမှုကျူးလွန်သူတွေနဲ့ ခိုးဆိုးလုနှိုက်မှုစတဲ့ ရာဇဝတ်မှုတွေနဲ့ ဖမ်းဆီးအကျဉ်းချခံထားရသူ ၁၀၀ ကျော် ရှိနေတယ်လို့ ဆိုပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ်ကလည်း ဖောင်းပြင်မြို့နာ်အကျဉ်းထောင်မှာ အချုပ်ကျနေတဲ့ အမျိုးသမီးတစ်ဦးကို ပလဖ တာဝန်ရှိသူတဦးက လိမ်လည် ပေါင်းသင်းခဲ့တာကြောင့် တာဝန်ကရပ်စဲခံရကာ အရေးယူခံခဲ့ရတယ်လို့ အုပ်ချုပ်ရေး တာဝန်ရှိသူတွေက ပြောပါတယ်။
MFP ရဲ့ သတင်း၊ ဆောင်းပါးနဲ့ ရုပ်သံတွေကို ယူကျူ့နဲ့ တယ်လီဂရမ်မှာလည်း ကြည့်နိုင်ပါတယ်။



