စစ်ကိုင်းသတင်း

ဗန်းမောက်မြို့နယ် ပြန်ရရေးထက် ရွှေထွက်တဲ့ မြို့အနောက်ဘက်ကို စစ်အုပ်စုတပ်က ပိုအာရုံစိုက်နေ

ဆောင်းနွေဦး/MFP ၊ နိုဝင်ဘာ – ၅

စစ်ကိုင်းတိုင်းအထက်ပိုင်း၊ ဗန်းမောက်မြို့နယ်ကို တော်လှန်ရေးတပ်တွေက ပြီးခဲ့တဲ့စက်တင်ဘာလမှာ တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီးနောက် စစ်

အုပ်စုနဲ့ရှမ်းနီအမျိုးသားများတပ်(SNA)ပူးပေါင်းတပ်ဖွဲ့နဲ့ တော်လှန်ရေးတပ်တွေ တိုက်ပွဲဆက်ဖြစ်နေတာ တစ်လကျော်ကြာမြင့်လာပြီလို့ တော်လှန်ရေးတပ်ဖွဲ့တွေက ပြောပါတယ်။

စစ်အုပ်စုနဲ့ SNA ပူးပေါင်းတပ်ဖွဲ့နဲ့တော်လှန်ရေးအင်အားစုတွေက ဗန်းမောက်အနောက်ခြမ်းက မြို့နဲ့တစ်မိုင်လောက် ကွာဝေးတဲ့ နားယကရွာမှာတိုက်ပွဲတွေ ဆက်ပြင်းထန်နေတယ်လို့ ဆိုပါတယ်။

လတ်တလောမှာလည်း စစ်အုပ်စုနဲ့SNAတပ်ဟာ နားယကရွာမှာပဲ အထိုင်ချထားပြီး ရှေ့ဆက်မတိုးလာဘဲ မြို့အနောက်ခြမ်းကို ဝင်ရောက်ဖို့ ကြိုးစားနေတာတွေ့နေရတယ်လို့ အဲဒီအခြေအနေကိုသိတဲ့ စစ်ရေးသတင်းအရင်းအမြစ်တစ်ဦးက ပြောပါတယ်။

“သူတို့က ဗန်းမောက်နဲ့တစ်မိုင်အကွာက နားယကရွာမှာပဲ ခုထိရှေ့ဆက်မတိုးလာဘူး။ သူတို့က ဗန်းမောက်မြို့ထဲဝင်မဲ့ပုံမပြဘူး။ အနောက်ခြမ်းက သူတို့ရဲ့တပ်မဟာနယ်မြေတွေကို ဝင်ရောက်ဖို့ ဝင်ပေါက်တွေမှာပဲ ထိုင်ထားတာတွေ့ရတယ်။ ဗန်းမောက်အနောက်ခြမ်းက ဟုမ္မလင်းနယ်စပ်ပေါ့။ ဟုမ္မလင်း၊ တမူး၊ ကလေး၊ အိန္ဒိယအထိ လမ်းကြောင်းပေါက်တယ်။ ဗန်းမောက်အနောက်ခြမ်းက တော်လှန်ရေးအင်အားစုတွေ သိမ်းပိုက်ထားတဲ့ တောင်ပိုင်းတို့၊ မြောက်ပိုင်းတို့ထက် ကျယ်တယ်။သံယံဇာတလည်းပိုပြီးထွက်တယ် တခြားနေရာတွေထက်။ ရွှေတို့သစ်တို့ထွက်တွယ်။ ဝင်ငွေရပေါက်လမ်းကြီးပေါ့။ ဒါကြောင့် အနောက်ခြမ်းကို မပါဖို့ အသည်းအသန်ကာကွယ်နေကြတာ”

ဒါ့အပြင် ဗန်းမောက်အနောက်ခြမ်းမှာ SNAတပ်ရဲ့ရုံးတွေ စစ်ရေးလေ့ကျင့်ရေး သင်တန်းကွင်းတွေနဲ့ ဗဟိုဌာနအနေနဲ့ ရုံးစိုက်ထားတာကြောင့် နေ့စဉ်လေကြောင်းနဲ့လက်နက်ကြီးတွေ ပစ်ခတ်ကာ ကာကွယ်နေတယ်လို့ ဆိုပါတယ်။

တိုက်ပွဲတွေကြောင့် ဒေသခံအများစု စစ်ဘေးရှောင်နေရပြီး အများစုဟာ တော်လှန်ရေးအင်အားစုတွေ ရှိရာနေရာကို ထွက်ပြေးတိမ်းရှောင်လာကြပြီး တချို့တဝက်ကတော့ မြို့အနောက်ခြမ်းမှာ ပိတ်မိနေတယ်လို့ ဒေသခံတွေက ဆိုပါတယ်။

လတ်တလောမှာတော့ စစ်အုပ်စုနဲ့တော်လှန်ရေးတပ်တွေ တိုက်ပွဲငြိမ်သက်နေတာ လေးရက်ကျော်ရှိနေပြီး လေကြောင်းနဲ့လက်နက်ကြီးပစ်ခတ်တာတွေပါ မရှိဘူးလို့ ပြောပါတယ်။

ဗန်းမောက်မြို့ဟာ တော်လှန်ရေးအင်အားစုတွေ မြို့နယ်တစ်ခုလုံး သိမ်းပိုက်ထိန်းချုပ်ထားတဲ့ ပင်လည်ဘူးနဲ့ အင်းတော်မြို့နယ်တွေနဲ့ နယ်မြေချင်းတစ်ဆက်တည်းရှိပါတယ်။ 

မြို့နယ်လေးမြို့နယ်နဲ့ ဖွဲ့စည်းထားတဲ့ ကသာခရိုင်ထဲမှာ ဗန်းမောက်မြို့နယ်လည်းပါဝင်ပြီး တော်လှန်ရေးအင်အားစုတွေသိမ်းပိုက်ထားတဲ့ အင်းတော်မြို့နယ်နဲ့ ထီးချိုင့်မြို့နယ်တို့လည်း ပါဝင်ပါတယ်။

ကချင်ပြည်နယ်အစပ်မှာ တည်ရှိတဲ့ ဗန်းမောက်မြို့ဟာ မြို့ပေါ်ရပ်ကွက်လေးရပ်ကွက်နဲ့ မြို့နေလူဦးရေ ၈၅၀၀ ကျော်နေထိုင်တဲ့မြို့ဖြစ်ပါတယ်။ 

Photo – အမှတ် ၁ စစ်ဒေသ

MFP ရဲ့ သတင်း၊ ဆောင်းပါးနဲ့ ရုပ်သံတွေကို ယူကျူ့နဲ့ တယ်လီဂရမ်မှာလည်း ကြည့်နိုင်ပါတယ်။

Related Articles

Back to top button