ကိုသူ /MFP၊ နိုဝင်ဘာ – ၅
စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်တောင်ပိုင်းမှာ စစ်အုပ်စုစစ်ကြောင်းတွေ ဝင်ရောက်လာတာကြောင့် နေရပ်စွန်ခွာထွက်ပြေးနေရတဲ့ ဒေသခံတွေအထဲက စားနပ်ရိက္ခာပြန်ယူတဲ့ ဒေသခံဆယ်ဦး ဖမ်းဆီးခံခဲ့ရပြီး တပတ်ကျော်ကြာကြာတဲ့အထိ အဆက်အသွယ်မရဘဲ ပျောက်ဆုံးနေတယ်လို့ ဒေသခံသတင်းရင်းမြစ်တွေက ပြောပါတယ်။
ပြီးခဲ့တဲ့ အောက်တိုဘာလက ကလေးနယ်တောင်ပိုင်းကို စစ်အုပ်စုတပ်တွေ စစ်ကြောင်းထိုးဝင်ရောက်လာတာကြောင့် ထောင်နဲ့ချီတဲ့ ဒေသခံတွေဟာ တောတောင်တွေအထဲကို ထွက်ပြေးတိမ်းရှောင်နေကြရတာ ဖြစ်ပါတယ်။
စစ်အုပ်စုတပ် ဖမ်းဆီးခံထားရတဲ့ ဒေသခံတွေဟာ ထောက်ကြန့်၊ ပန်းမွန်ချောင်း၊ ချောင်းခွ၊ ရေစို၊ နတ်ချောင်းနဲ့ နတ်မြောင်းကျေးရွာတွေမှာ နေထိုင်ကြသူတွေဖြစ်ပြီး အောက်တိုဘာလ ၂၇ ရက်နေ့မှာ ဖမ်းဆီးခံရတာလို့ ဆိုပါတယ်။
တောတောင်တွေအထဲမှာ ရက်ရှည်စစ်ဘေးရှောင်နေရပြီး စားနပ်ရိက္ခာပြတ်လပ်လာတာကြောင့် နေအိမ်တွေမှာ ဆန်ပြန်သယ်ချိန် စစ်ကြောင်းနဲ့တိုးပြီး ဖမ်းဆီးခံလိုက်ရတာလို့ နတ်ချောင်းကျေးရွာက ဒေသခံ အမျိုးသားတစ်ဦးက ပြောပါတယ်။
“မိုးတွေက ဆက်တိုက်ရွာနေတော့ ဆန်တွေက ပြတ်နေကြတယ်။ စစ်ကြောင်းက ဒလဟောကြီး ဝင်လာတာဆိုတော့ ရိက္ခာတွေက မယူနိူင်ကြဘူး။ အခု ဖမ်းခံရတဲ့ သူတွေကတော့ ဆန်ပြတ်လို့ ရွာထဲ ဝင်ယူကြတာ။ တချို့တော့ ဆန်ယူကြရင်း ဝက်စာ ၊နွားစာ မကျွေးရတော့ ကျွေးကြရင်း ဖမ်းခံလိုက်ရတာ “
ဖမ်းဆီးခံထားရသူတွေအထဲမှာ အမျိုးသမီး အများစုပါဝင်ပြီး ဒီနေ့အထိ မိသားစုဝင်တွေနဲ့ အဆက်အသွယ်မရဘူးလို့ နောက်ထပ် နတ်ချောင်းကျေးရွာ ဒေသခံ ကိုခန့်က ပြောပါတယ်။
“နတ်မြောင်းနဲ့ ချောင်းခွမှာ သတ်ခံရတယ်လို့သတင်းထွက်နေတယ်။ ရွာထဲက ဘယ်သူမပြန်ရဲကြတော့ အတည်ပြုဖို့ ခက်နေတယ်။ နတ်မြောင်းမှာ အလောင်းတွေတွေ့တယ် ပြောတယ်။ စစ်ကြောင်းက မထွက်သေးတော့ ဘယ်လိုမှသိရသေးဘူး”
လက်ရှိအချိန်မှာတော့ စစ်အုပ်စုတပ်တွေက ကလေးမြို့ နယ် တောင်ပိုင်း (ကလေး-ဂန့်ဂေါ ) လမ်းမကြီးတလျောက်မှာ တည်ရှိတဲ့ နတ်ချောင်း၊ သံဖို ၊ ထောက်ကြန့် ကျေးရွာမှာ တပ်စွဲထားပြီး(ကလေး-ဂန့်ဂေါ ) စစ်ကြောင်းတစ်ကြောင်းနဲ့ ကလေးမြို့ နတ်ချောင်းကျေးရွာကနေ ဖလမ်းမြို့ဘက်ကို ဦးတည် စစ်ကြောင်းတစ်ကြောင်း ခွဲထိုးနေတယ်လို့ နတ်ချောင်းကျေးရွာအုပ်ချုပ်ရေး အဖွဲ့ ဝင်တဦးက ပြောပါတယ်။
” စစ်ကြောင်းက သံဖိုနဲ့ နတ်ချောင်းက ရန်ကင်း ဘုန်းကြီးကျောင်းမှာ ထိုင်ထားတယ်၊ ရန်ကင်းမှာတော့ ဘန်ကာတွေ ဆောက်နေတယ်လို့ သိရတယ်။အဲ့ဒီကနေ ကလေး -ဂန့် ဂေါလမ်းကို စစ်ကြောင်းထိုးတယ်၊နောက်တစ်ကြောင်းကတော့ ဝေဘူလဘက်ကို ယားသွယ်၊ မွန်ဇော လ်ရွာဘက်ကနေ တစ်ကြောင်းတက်တယ်။ ဖလမ်းနဲ့ ကလေး – ဂန့် ဂေါလမ်းတွေကို ဦးတည် ထိုးနေတယ်”
စစ်အုပ်စုစစ်ကြောင်းတွေကြောင့် ကလေး-ဂန့်ဂေါ ကားလမ်းမကြီးတလျှောက်မှာရှိတဲ့ သာယာကုန်း ၊ထောက်ကြ့န့် ၊ထိုမာ၊ကြာအင်း၊သံဖို ၊နတ်မြောင်း ၊နတ်ချောင်း ၊ငါးဖား ၊ချောင်းခွ ၊ဟားခါးလေး ၊ရေစို ၊အောင်ချမ်းသာ ကျေးရွာအပါအဝင် ၊ကလေး – တမူးလမ်းမကြီးဘေးမှာရှိတဲ့ နန်းစောင်းပု ၊ကံကြီး ၊ကံသာ ယာ ၊ ၅၆ မိုင် ၊ရာဇဂြိုဟ် ၊လက်ပံချောင်း ၊ခုံသာ ၊ပြည်တော်သာ ၊မြစိမ်း ၊မြလင်း ၊ရန်မျိုးအောင်စတဲ့ ကျေးရွာပေါင်း ၅၀ ကျော်မှာ နေထိုင်တဲ့ဒေသခံတွေ တောတောင်အတွင်း စစ်ရှောင်နေပြီးတော့ လူဦးရေ သုံးထောင်ကျော် ဆေးဝါးနဲ့ အစားအသောက်တွေ ပြတ်လပ်နေတယ်လို့ အကူအညီပေးသူ တစ်ဦးက ပြောပါတယ်။
“အခု စစ်ရှောင်ရတာက မြောက်ပိုင်းနဲ့ တောင်ပိုင်းဆိုတော့ ဆန်ဝေရတာက မနိုင်မနင်း ဖြစ်နေတယ်ဗျ၊လူတွေက များတော့ ဘယ်လို ခွဲတမ်းကျ မပေးနိုင်ဘူး ။အများကြီးဆိုတော့ ၊အခုက မိုးတွေက ရွာနေတော့ တော်တော်ဒုက္ခ ရောက်နေကြတယ်။ ဆန်ပြုတ်ပဲ သောက်နေကြရတဲ့ အနေအထားဖြစ်နေတယ်။လချီ ရှောင်ရမှာဆို ဆန်က လုံးဝမလောက်ဘူးဗျ “
ထွက်ပြေးတိမ်းရှောင် ကြရသူတွေထဲ ကိုယ်ဝန်ဆောင်၊ သက်ကြီးရွယ်အို၊ ကလေးငယ်နဲ့ နားမကျန်းဖြစ်သူ လေးထောင်ခန့် ပါဝင်ပြီးတော့ ဆေးဝါးတွေလဲ အရေးပေါ်လိုအပ်နေတယ်လို့ ဆိုပါတယ်။
ကလေးမြို့နယ်အတွင်းမှာ စစ်အုပ်စု စစ်ကြောင်းထိုးဝင်ရောက်တဲ့ နှစ်လကျော်အတွင်း အောက်တိုဘာ ၂၇ ရက်နေ့မှာ တမူးမြို့နယ်က ဝက်သားရောင်းတဲ့ ဦးကြည်လင်းနဲ့ ဦးမန်မန်းတို့ နှစ်ဦးကို အရှင်လတ်လက် သတ်ဖြတ်ခံခဲ့ရသလို အောက်တိုဘာ ၂၄ ရက်နေ့မှာလဲ ကလေးမြို့နယ်မြောက်ပိုင်းက အောင်ရွာကျေးရွာမှာ နေအိမ်ကို ရိက္ခာ ပြန်သယ်တဲ့ အသက်၄၀ အရွယ် ဦးကပ်ရှန်းမုန် (Pa Kap Sian Mung )တို့ သုံးဦး စစ်အုပ်စုလက်ချက်နဲ့ သေဆုံးခဲ့ပါတယ်။
အလားတူ အောက်တိုဘာ ၁၉ ရက်နေ့မှာ ခုံသာ ကျေးရွာက အမျိုးသား ရှစ်ဦး၊ အောက်တိုဘာ ၂၀ ရက်နေ့မှာ ရာဇဂြိုဟ် ကျေးရွာက အမျိုးသား ၁၀ ဦးနဲ့ CDF-KKG တပ်ဖွဲ့ဝင် တစ်ဦးတို့ စစ်အုပ်စု စစ်ကြောင်းနဲ့ တိုးကာ ဖမ်းဆီးသတ်ဖြတ်ခံခဲ့ရပြီးတော့ စုစုပေါင်း ၂၁ ဦး သေဆုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဒါ့အပြင် ကလေးမြို့ နယ်မှာ အာဏာသိမ်းလေးနှစ်ကျော်အတွင်း စစ်အုပ်စု စစ်ကြောင်းထိုးဝင်ရောက်ခဲ့တဲ့ ကျေးရွာပေါင်း ၃၀ ကျော် မီးရှို့ဖျက်ဆီးခံထားရပြီး အိုးမဲ့အိမ်မဲ့ဖြစ်သူ ၁၀,၀၀၀ ကျော် ရှိတယ်လို့ စစ်ရှောင်အရေး ကူညီနေသူတွေက ပြောပါတယ်။
MFP ရဲ့ သတင်း၊ ဆောင်းပါးနဲ့ ရုပ်သံတွေကို ယူကျူ့နဲ့ တယ်လီဂရမ်မှာလည်း ကြည့်နိုင်ပါတယ်။



