နန်းယု/MFP၊နိုဝင်ဘာ – ၇
စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်ကို ရွာစဉ်လှည့် စစ်ကြောင်းထိုးနေတဲ့ စစ်အုပ်စုက တစ်ပတ်အတွင်း ရွာခုနစ်ရွာကို မီးရှို့ဖျက်ဆီးရာမှာ နေအိမ်ရာနဲ့ချီ မီးလောင်သွားတယ်လို့ ဒေသခံသတင်းအရင်းအမြစ်တွေက ပြောပါတယ်။
နိုဝင်ဘာ ၁ ရက်ကနေ နိုဝင်ဘာ ၇ ရက် ဒီနေ့အထိ ဝက်လက်နယ်က ကဒူးရွာ၊ မူးကြီးရွာ၊ ထုံးဘိုရွာ၊ ရွာတော်ကုန်း၊ တမာကုန်း ၊ တံတားဦးရွာနဲ့ မြင်တော်ရွာတွေကို စစ်အုပ်စုတွေက ဝင်ရောက်စီးနင်းပြီးနောက် နေအိမ်တွေကို မီးရှို့ခဲ့တာဖြစ်ပါတယ်။
စစ်အုပ်စုတွေဟာ ကျေးရွာတွေမှာ အထိုင်ချတပ်စွဲကာ နေ့စဉ်ရက်ဆက် နေအိမ်တွေကို မီးရှို့ ဖျက်ဆီးနေတာကြောင့် မီးလောင်ပျက်စီးသွားတဲ့ နေအိမ်အတိအကျကိုတော့ မသိရသေးပါဘူး။
“အဲဒီရွာ အိမ်ခြေတွေတော့ (မီးရှို့ခံရ) ကျွန်တော်တို့ မသိရသေးဘူး။ သေခြာတာတော့ အများကြီးပဲ လူဦးရေကတော့ သောင်းနဲ့ချီ ပြေးရတယ်။ တော်လှန်ရေးအင်အားစုတွေက ရွာသာကြီးစခန်းကို သိမ်းတဲ့အခါကြတော့ ကျွန်တော်တို့ဘက်က လိုအပ်ချက်ကြောင့် မသိမ်းနိုင်တာ ရှိတယ်။ အဲဒီအတွက်ကြောင့် သူတို့ဘက်က အင်အားတွေ ဖြည့်ပြီးတော့ နယ်မြေ ရှင်းလင်းရေးတွေလုပ် အဲဒါကြောင့်မို့လို့ ရွာတွေမီးရှို့တယ်လို့ ယူဆရပါတယ်ဗျ။ အခုလောလောဆယ် ရွာပေါင်း ၁၈ ရွာက စစ်ရှောင်နေရတယ် ။ ” Wetlet Informational Network တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။
ဝက်လက်နယ်အနောက်ခြမ်းမှာရှိတဲ့ ရွာသာကြီးရွာထဲကို စစ်ကိုင်းအခြေစိုက် တပ်မ – ၃၃ ကနေ ထောက်ပို့လေယာဉ် နှစ်စီးနဲ့ ပြီးခဲ့တဲ့ အောက်တိုဘာ ၂၆ရက်က လူလက်နက်ရိက္ခာ ဖြည့်တင်းပြီးနောက်ပိုင်း စစ်အုပ်စုတပ်က ရွာစဉ်လှည့် စစ်ကြောင်းထိုးမီးရှို့တာနဲ့ သတ်ဖြစ်နေတာ ဖြစ်ပါတယ်။
ဒီနေ့ နိုဝင်ဘာ ၇ရက် မနက် ၉နာရီဝန်းကျင်မှာလည်း အင်အား ၂၀ခန့်ပါတဲ့ စစ်အုပ်စုတပ်က ကဒူးရွာနဲ့ မန်ကျဥိးတုံရွာကို လက်နက်ငယ်တွေ ပစ်ခတ်ဝင်ရောက်နေပြီး နေအိမ်တွေကို မီးရှို့နေတာလို့ ဆိုပါတယ်။
အလားတူ ဝက်လက်နယ်အရှေ့ခြမ်းက မြင်တော်ရွာကိုလည်း ဒီနေ့နေ့လယ်ပိုင်းမှာ အင်အား ၁၀၀ ခန့်နဲ့ ဝင်ရောက် မီးရှို့ဖျက်ဆီးနေပြီး စစ်ကြောင်းတွေကြောင့် ရွာသာကြီး ၊ ထုံးဘို ၊တံတားဦး ၊ တမာကုန်း ၊ ရွာတော်ကုန်း ၊ ဥတည်ကုန်း ၊ အုပ်ဖိုကုန်း ၊ ကျီးကန် တောင်ရွာ မြောက်ရွာ ၊ လှတော ၊ လှည်းဦးကြီးကုန်း ၊ နှမ်းကြီးကုန်း ၊ ရွှေဒါး ၊ရင်းမတော ၊ ကိုကို့စု ၊ ငှက်ပြောတော ၊တကောင်းတောင် ၊ ကဒူးစတဲ့ ရွာပေါင်း ၁၈ ရွာက ဒေသခံသောင်းနဲ့ချီ ထွက်ပြေးနေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ပြီးခဲ့တဲ့ နိုဝင်ဘာလ ၃ ရက်ကလည်း မောက္ကဒီးရွာ ဒေသခံ ၄၀ ကျော်ခန့်ကို ဓားစာခံအဖြစ် ဖမ်းဆီးခေါ်ဆောင်သွားပြီး လက်ရှိအချိန်ထိ ပြန်လွတ်မြောက်လာတာ မရှိသေးဘဲ သတင်းပြတ်တောက်နေတယ်လို့ ဆိုပါတယ်။
MFP ရဲ့ သတင်း၊ ဆောင်းပါးနဲ့ ရုပ်သံတွေကို ယူကျူ့နဲ့ တယ်လီဂရမ်မှာလည်း ကြည့်နိုင်ပါတယ်။



