စစ်ကိုင်းသတင်း

ကနီမြို့နယ်က တိုက်နယ်ဆေးရုံကို စစ်အုပ်စု လေကြောင်းကနေ ဗုံးကြဲတာကြောင့် ရှစ်ဦးထက်မနည်း သေဆုံး၊

ထိခိုက်ဒဏ်ရာ ရသူတွေအတွက် ဆေးဝါးနဲ့သွေး အရေးပေါ်လိုအပ်နေ

ဇေယျာ/MFP ၊ နိုဝင်ဘာ – ၁၁

စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင် ကနီမြို့နယ်မြောက်ခြမ်းမှာရှိတဲ့ ဆေးဝါးကုသမှုပြုလုပ်ပေးနေတဲ့ တိုက်နယ်ဆေးရုံကို စစ်အုပ်စုက နိုဝင်ဘာ ၁၁ ရက် မနက်ပိုင်းမှာ စက်တပ်လေထီးနဲ့ ဗုံးလာကြဲခဲ့တာကြောင့် ဒေသခံပြည်သူတွေ ရှစ်ဦးထက်မနည်း သေဆုံးသွားတယ်လို့ ဒေသခံသတင်းရင်းမြစ်တွေက ဆိုပါတယ်။

နိုဝင်ဘာ ၁၁ ရက် မနက် ၉ နာရီမှာ မုံရွာမြို့နယ်မှာရှိတဲ့ စစ်အုပ်စု အနောက်မြောက်တိုင်းစစ်ဌာနချုပ်(နမခ)ကနေ တက်လာတဲ့ စက်တပ်လေထီးက အိမ်ခြေ ၁၀၀၀ ကျော်နဲ့ လူဦးရေ ၅၀၀၀ ဝန်းကျင်ရှိတဲ့ ဝင်မနားကျေးရွာအနီးက ဆေးရုံကို ဗုံးကြဲသွားတာလို့ ဒေသခံတစ်ဦးက ဆိုပါတယ်။

“မုံရွာ(နမခ)ကနေ ပါရာမိုတာနဲ့ လာကြဲသွားတာပါ။ ဗုံးက ဆေးရုံရဲ့ မွေးလူနာဆောင်နဲ့ ခြေလက်ကျိုးတာတွေကို ကုသပေးနေတဲ့အဆောင်ပေါ်ကို ကျတာ။ သေဆုံးသူ ရှစ်ဦးရှိသွားပြီ။ ဆေးရုံတက်နေသူတွေကများတော့ သေဆုံးသူနဲ့ထိခိုက်ဒဏ်ရာရသူတွေ အများကြီးရှိနေပါတယ်”

လက်ရှိမှာ စစ်အုပ်စု လေကြောင်းက ဗုံးကြဲခဲ့တာကြောင့် ဆေးရုံမှာ ဆေးဝါးကုသမှုခံယူနေရတဲ့ ဒေသခံတွေနဲ့ တော်လှန်ရေးရဲဘော်တွေအပါဝင် သေဆုံး၊ ထိခိုက်ဒဏ်ရာရသူတွေလည်း အများအပြားရှိနေပြီး သွေးနဲ့ဆေးဝါးလိုအပ်ချက်တွေ ပါရှိနေတယ်လို့ သူက ဆက်ပြောပါတယ်။

ဆေးရုံကို ဗုံးကြဲခံရတာကြောင့် သေဆုံး၊ထိခိုက်ဒဏ်ရာ ရသူတွေထဲမှာ ကလေးငယ်တွေအပါဝင် လာရောက်ဆေးဝါးကုသမှုခံယူနေတဲ့ လူနာတွေအပါအဝင် အများအပြား ထိခိုက်မှုတွေရှိနေတယ်လို့ဆိုပါတယ်။

​ဗုံးကြဲတိုက်ခိုက်ခံရတဲ့ ဆေးရုံဟာ ဝင်းမနာရွာအပါအဝင် အနီးအနားကျေးရွာတွေနဲ့ ကနီမြို့နယ်က ဒေသခံပြည်သူတွေကျန်းမာရေးနဲ့ပတ်သက်ပြီး အားထားနေရတဲ့ ဆေးရုံတစ်ခုဖြစ်တယ်လို့လည်း ဒေသခံတွေက ဆိုပါတယ်။

မုံရွာမြို့ စစ်အုပ်စု အနောက်မြောက်တိုင်းစစ်ဌာနချုပ်(နမခ)ကနေ စက်တပ်လေထီး(paramotor)၊ gyrocopter တွေနဲ့ ကနီ၊ ပုလဲ၊ ယင်းမာပင်၊ ဆားလင်းကြီး၊ ဘုတလင်၊ မုံရွာ၊ ချောင်းဦး၊ အရာတော်၊ မြင်းမူ၊ မြောင် စတဲ့ မြို့နယ်တွေထဲက ကျေးရွာတွေကို တိုက်လေယာဉ်အပါဝင် လေကြောင်းကနေ မကြာခဏ ဗုံးကြဲသတ်ဖြတ်မှုတွေ ကျူးလွန်နေတာဖြစ်တယ်လို့ ဒေသခံတွေက ပြောဆိုထားပါတယ်။

ကနီနယ်က ကာကွယ်တပ်ဖွဲ့ဝင်တွေကို ပြီးခဲ့တဲ့နှစ် ၂၀၂၂ ခုနှစ်က စစ်အုပ်စုသတ်ဖြတ်သွားပုံ။

MFP ရဲ့ သတင်း၊ ဆောင်းပါးနဲ့ ရုပ်သံတွေကို ယူကျူ့နဲ့ တယ်လီဂရမ်မှာလည်း ကြည့်နိုင်ပါတယ်။

Related Articles

Back to top button