ဆောင်းနွေဦး/MFP ၊ နိုဝင်ဘာ – ၁၂
စစ်ကိုင်းတ်ိုင်း၊ ကန့်ဘလူမြို့နယ် ဘူးကုန်းကျေးရွာအုပ်စုအတွင်းက ကျီကျင်းရွာမှာ အထိုင်ချတပ်စွဲထားတဲ့ စစ်အုပ်စုတပ်နဲ့ပျုစောထီးတွေက နိုဝင်ဘာလ ၁၁ ရက်နေ့လယ်ပိုင်းမှာ ဒရုန်းနဲ့ဗုံးကြဲခဲ့တာကြောင့် ရဲဘော်တစ်ဦး ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ MFPရဲ့သတင်းအရင်းအမြစ်တွေက ပြောပါတယ်။
ပြီးခဲ့တဲ့ နိုဝင်ဘာလ ၁၀ ရက် မနက်ပိုင်းက ချပ်ကြီးရွာကနေ ချပ်သင်းတိုက်နယ်ဘက်ကို စစ်ကြောင်းထိုးလာတဲ့ အင်အား လေးဆယ်ခန့်ပါတဲ့ စစ်ကြောင်းကို မိုင်းဆွဲတိုက်ခိုက်ခဲ့တာကြောင့် နှစ်ဦးသေဆုံးကာ ခုနစ်ဦးဒဏ်ရာရခဲ့ပါတယ်။
မိုင်းဆွဲတိုက်ခိုက်ခံရပြီးနောက် စစ်အုပ်စုနဲ့ပျုစောထီးတပ်တို့က လက်တုံ့ပြန်တဲ့အနေနဲ့ ကျီကျင်းရွာက နေအိမ်တွေကို မီးရှို့ဖျက်ဆီးခဲ့ပြီးနောက် ဒရုန်းနဲ့ဗုံးကြဲခဲ့တာကြောင့် ဘူးကုန်းရွာအနီးက တော်လှန်ရေးရဲဘော်တစ်ဦး ထိမှန်ဒဏ်ရာ ရခဲ့တာဖြစ်ပါတယ်။
ဗုံးစထိမှန် ဒဏ်ရာရသူဟာ အသက် ၃၀ အရွယ် ရဲဘော်ရာဇာဖြစ်တယ်လို့ အမည်မဖော်လိုတဲ့ စစ်ရေးသတင်းအရင်းအမြစ်တစ်ဦးက ပြောပါတယ်။
“မနေ့က နေ့လယ် ၂ နာရီခွဲမှာ ကန့်ဘလူနယ်ကျီကျင်းကျေးရွာကို အထိုင်ချတပ်ဆွဲထားတဲ့ စစ်အုပ်စုက ကျီကျင်းကျေးရွာကို မီးရိူ့နေပါတယ်။ ပြီးတော့ ကျီးကျင်းအထိုင်စခန်းကနေ လွှတ်တင်တဲ့ ဒရုန်းဗုံးကြောင့် ဘူးကုန်းရွာက ကိုလူဘော် မဦးတို့ရဲ့ သား ရဲဘော်ရာဇာဂိတ်မှာ စစ်ဆေးရေးလုပ်ဆောင်နေချိန်မှာ ဂျိူင်း အောက်စ ဗုံးစထိမှန်ခဲ့တာပါ”
ထိခိုက်ဒဏ်ရာရသွားတဲ့ ရဲဘော်ကိုတော့ ဆေးကုသမှုပေးနေတာကြောင့် အသက်အန္တရာယ်စိုးရိမ်စရာ မရှိတော့ဘူးလို့ ဆိုပါတယ်။ ဒါ့အပြင် စစ်အုပ်စုစစ်ကြောင်းတွေကြောင့် ဘူးကုန်း၊ ကျီကျင်း၊ ထန်းတပင်ရွာစတဲ့ ကျေးရွာတွေမှာနေထိုင်တဲ့ ဒေသခံတွေ နေရပ်စွန့်ခွာ ထွက်ပြေးနေရပြီး စားရေးသောက်ရေးတွေလည်း ခက်ခဲနေတယ်လို့ ပြောပါတယ်။
ရွှေဘို-မြစ်ကြီးနားလမ်းမအနီးမှာရှိတဲ့ ကျီကျင်းရွာကို ပြီးခဲ့တဲ့ ဩဂုတ်လ၂၃ ရက်က စစ်အုပ်စုနဲ့ပျုစောထီးတွေ ဝင်ရောက်တပ်စွဲနေထိုင်ပြီးနောက် နေအိမ်တွေကို မီးရှို့ဖျက်ဆီးကာ ဒေသခံလေးဆယ်ကျော်ကို ဖမ်းဆီးပြီးနောက် ဆယ်ဦးထက်မနည်းကို သတ်ဖြတ်ခဲ့ပါတယ်။
MFP ရဲ့ သတင်း၊ ဆောင်းပါးနဲ့ ရုပ်သံတွေကို ယူကျူ့နဲ့ တယ်လီဂရမ်မှာလည်း ကြည့်နိုင်ပါတယ်။



