နန်းယု/MFP၊ နိုဝင်ဘာ – ၁၃
စစ်ကိုင်းတိုင်း ၊ ဝက်လက်နယ်ထဲကို ရွာစဉ်ပတ်မွှေ စစ်ကြောင်းထိုးနေတဲ့ စစ်အုပ်စုတပ်တွေက တစ်လအတွင်း ကျေးရွာ ၁၂ ရွာကို မီးရှို့ဖျက်ဆီးခဲ့သလို စစ်ကြောင်းဆက်လက်ထိုးကာ မီးရှို့နေဆဲဖြစ်တာကြောင့် ရွာပေါင်း ၂၀ ကျော်က ဒေသခံ ၂၀၀၀၀ ကျော် စစ်ဘေးရှောင် ထွက်ပြေးနေရတယ်လို့ ဝက်လက်မြို့နယ် လူထုသပိတ်တိုက်ပွဲ ဦးဆောင်ကော်မတီရဲ့တာဝန်ရှိသူ တစ်ဦးက MFP ကို ပြောပါတယ်။
အောက်တိုဘာ ၁၃ ရက်ကနေ နိုဝင်ဘာ ၁၃ ရက်အထိ ဝက်လက်နယ်က ကဒူး၊ မူးကြီး၊ ထုံးဘို၊ ရွာတော်ကုန်း၊ လိန်ပင်၊ ရွှေကျင်၊ ခေါတော၊ စိုင်နိုင်လေး၊ တမာကုန်း၊ တံတားဦး၊ မြင်တော်ရွာနဲ့ လှတောတွေကို စစ်အုပ်စုက စီးနင်းဝင်ရောက်ပြီးနောက် နေအိမ်တွေကို ဖောက်ထွင်းလုယက်ပြီးနောက် မီးရှို့ဖျက်ဆီးခဲ့တာ ဖြစ်ပါတယ်။
လက်ရှိမှာ နေအိမ်ပေါင်း ၁၀၀ ကျော် မီးရှို့ဖျက်ဆီးခံထားရပြီး စစ်အုပ်စု စစ်ကြောင်းတွေ ရှိနေသေးတာကြောင့် ပျက်စီးဆုံးရှုံးမှုအရေအတွက် အသေးစိတ်ကိုတော့ မသိရသေးဘူးလို့ ဆိုပါတယ်။
” အခုကျနော်တို့ သိထားသလောက်ကတော့ ၁၀၀ကျော်ရှိနေပြီးဗျ။ အဲ့ထက်ပိုဖို့တော့ ရှိမယ်ဗျ။ တချို့ရွာတွေက ရှင်းလင်းရေး ဝင်မရသေးတော့ အတည်မပြော နိုင်သေးဘူးဗျ” ဝက်လက်မြို့နယ် လူထုသပိတ်တိုက်ပွဲ ဦးဆောင် ကော်မတီက တာဝန်ရှိသူ တစ်ဦးက ပြောပါတယ်။
ဒါအပြင် တလအတွင်း စစ်အုပ်စုက ဂျိုင်ရိုကော်ပတာ၊ ပါရာမော်တာ၊ ဂျက်ဖိုက်တာစတဲ့ တိုက်ခိုက်ရေးရဟတ်ယာဉ်တွေနဲ့ လေကြောင်းတိုက်ခိုက်မှုပေါင်း အကြိမ်ရေ ၁၆၀ ခန့် ပြုလုပ်ခဲ့တယ်လို့ သူကဆိုပါတယ်။
ဝက်လက်နယ်အနောက်ခြမ်း၊ စစ်ကိုင်း – ရွှေဘို ကားလမ်းပေါ်က အချက်အချာကျရာ နေရာဖြစ်တဲ့ ရွာသာကြီးရွာထဲမှာ စစ်ကိုင်းမြို့အခြေစိုက် ခြေမြန်တပ်မဌာနချုပ် (တပ်မ – ၃၃) က အင်အားရာနဲ့ချီ တပ်စွဲနေထိုင်ပြီးနောက် အနီးဝန်းကျင်မှာရှိတဲ့ ရွာတွေကို အောက်တိုဘာလကုန်ပိုင်းလောက်မှာ စစ်ကြောင်းထိုးကာ စီးနင်းမီးရှို့တာတွေ လုပ်ဆောင်နေတာ ဖြစ်ပါတယ်။
” စစ်ရှောင်တွေကအရမ်းများပြီး အဝင်ထွက်တွေရှိနေတော့ အတိကျစာရင်းတော့ ခွဲမထားရသေးဘူးဗျ။ စစ်ဘေးရှောင်ပြည်သူ ၂သောင်းကျော်ဘဲအတည်ပြုထားပါတယ်။ နေရာမျိုးစုံမှာရှောင်နေကြပါတယ် အများစုကတော့ ဘုန်းကြီး ကျောင်းတွေမှာ ရှောင်နေပြီးတော့ တချို့ကတော့ လမ်းဘေးမှာ ဖြစ်သလိုရှောင်နေရပါတယ်။ ရေရှည်စစ်ရှောင်ကတော့ ခန့်မှန်း ၄၀၀၀ ကျော်တော့ ရှိမယ်ဗျ။ အခက်ခဲအနေနဲ့ အဓိကကတော့ ဆန်နဲ့ဆီပါ အခုကဆောင်းတွင်းဝင်နေပြီဆိုတော့ အမိုးကာနဲ့စောင်တွေလည်း လိုအပ်နေပါတယ်”
ပြီးခဲ့တဲ့ အောက်တိုဘာလကလည်း ရွာသာကြီးအနီး တိုက်ပွဲဖြစ်ပြီးနောက် စစ်အုပ်စုက လေကြောင်းကနေ လူလက်နက်အင်အား ဖြည့်တင်းကာ ရွာစဉ်လှည့် စစ်ကြောင်းထိုး၊ စီးနင်းလုယက် မီးရှို့တာတွေ ပိုကျူးလွန်လာတယ်လို့ ဒေသခံတွေက ပြောပါတယ်။
တချိန်တည်းမှာပဲ စစ်အုပ်စုက ကျေးရွာတွေကို စီးနင်းတာအပြင် ဒေသခံပြည်သူတွေကို ဖမ်းဆီးကာ ခိုးရာပါပစ္စည်းတွေကို သယ်ခိုင်းတာ၊ ဓားစာခံအနေနဲ့ လူသားဒိုင်းကာအဖြစ် အသုံးချတာတွေလည်း ကျူးလွန်နေပြီး နိုဝင်ဘာလ ၃ ရက်က ဖမ်းဆီးခဲ့တဲ့ မောက္ကဒီးရွာဒေသခံ ၄၀ ကျော်ကိုလည်း လက်ရှိအချိန်ထိ ပြန်မလွှတ်သေးဘူးလို့ ဒေသခံတွေက ပြောပါတယ်။
လက်ရှိမှာ စစ်အုပ်စုရန်ကြောင့် ရွာသာကြီး၊ ထုံးဘို၊ တံတားဦး၊ တမာကုန်း ၊ ရွာတော်ကုန်း၊ ဥတည်ကုန်း၊ အုပ်ဖိုကုန်း ၊ ကျီးကန် တောင်ရွာနဲ့ မြောက်ရွာ ၊ လှတော၊ လှည်းဦးကြီးကုန်း၊ နှမ်းကြီးကုန်း၊ ရွှေဒါး၊ ယင်းမတော၊ ကုက္ကိုလ်စု၊ ငှက်ပြောတော၊ တကောင်းတောင်၊ ကဒူး စတဲ့ ဝက်လက်နယ် ကျေးရွာ ၂၀ကျော် က ထောင်သောင်းချီတဲ့ ဒေသခံပြည်သူ ထွက်ပြေးနေရတာ ဖြစ်ပါတယ်။
စစ်ကိုင်းငလျင်လှုပ်ခတ်ပြီး တစ်လမပြည့်ခင် ဧပြီလကစလို့ စစ်အုပ်စုက ဝက်လက်နယ်ထဲ ရွာစဉ်ပတ်မွှေ စစ်ကြောင်းထိုးကာ လူသတ်၊ လုယက်၊ မီးရှို့နေတာ ဖြစ်ပြီး လက်ရှိမှာတော့ ရွေးကောက်ပွဲ ကျင်းပနိုင်ဖို့ နယ်မြေရှင်းလင်းတဲ့အနေနဲ့ စစ်ရှိန်မြှင့်ကာ စစ်ကြောင်းထိုး မီးရှို့နေသလို စစ်ကိုင်း – ရွှေဘို လမ်းပိုင်းကို အပြည့်အဝထိန်းချုပ်နိုင်ဖို့ ကြိုးစားနေတာလို့ ဒေသခံတော်လှန်ရေး အင်အားစုတွေက ပြောပါတယ်။
MFP ရဲ့ သတင်း၊ ဆောင်းပါးနဲ့ ရုပ်သံတွေကို ယူကျူ့နဲ့ တယ်လီဂရမ်မှာလည်း ကြည့်နိုင်ပါတယ်။



