စစ်ကိုင်းသတင်း

ကလေးမြို့အဝင်အထွက်ကို စစ်အုပ်စုပိတ်ဆို့ထားတာကြောင့် ကျန်းမာရေးမကောင်းသူ နှစ်ထောင်ကျော် ဆေးဝါးပြတ်လပ်နေ

ကိုသူ /MFP၊ နိုဝင်ဘာ – ၁၄

စစ်ကိုင်းတိုင်း ကလေးမြို့နယ်မှာ စစ်ဘေးရှောင်တွေကို ဆေးကုသမှုပေးနေတဲ့ ခဏာတာ အရိပ်ဆေးရုံ၊ People’s Healthcare Network – KALAY  ဆေးရုံ နဲ့ရွှေပြောင်းသွားလာတဲ့ (Mobile Clinic) ဆေးခန်းတွေမှာ ဆေးဝါးပြတ်လပ်မှု ကြုံတွေ့နေရတယ်လို့ ဒေသခံသတင်းရင်းမြစ်တွေက MFP ကို ပြောပါတယ်။

အဲဒီဆေးရုံတွေဟာ စစ်ဘေးရှောင်နဲ့ ဒဏ်ရာရသူတွေကို အဓိကကုသမှု ပေးနေတာဖြစ်ပြီး ပတ်တီး ၊အရက်ပျံ ၊ အနာကျက်ဆေး အပါအဝင် စားဆေး ၊သောက်ဆေး ၊ထိုးဆေး ၊လိမ်းဆေးစတဲ့ ဆေးဝါးတွေ  တစ်လကျော်အကြာ ပြတ်လပ်နေရတာလို့ ခဏာတာအရိပ် ဆေးရုံ တည်ထောင်သူ ဒေါက်တာဖြိုးကျော်က ပြောပါတယ်။

” ကျနော်တို့ ဆေးခန်းကိုလာပြတာကိုက  ဒီအပတ်အတွင်းမှာ ၁၀၀နဲ့ ၂၀၀ကြားရှိတယ်။ ကိုယ်ဝန်ဆောင်မိခင်တွေ ပါတယ်။ ဘုန်းကြီးနှစ်ပါးပါတယ်။ဒဏ်ရာရ လူနာတွေ ပါတယ်။ခွဲစိတ်ရတဲ့ လူနာ‌တွေပါတယ်။ ကလေးတောင်ပိုင်း၊ မြောက်ပိုင်းဆို ဆေးရုံဆေးခန်းတွေက ပြန့်ကျဲနေတော့ လူနာတွေက ၁၀၀၀ နဲ့ ၂၀၀၀ ကြားရှိပါတယ်။ ပတ်တီးလိပ်ကအစ၊ စားဆေး ၊ထိုးဆေး အကုန်လိုလို ပြတ်နေတယ်”

ဒီလို ဆေးဝါးပြတ်လပ်နေတာဟာ  စစ်အုပ်စုတပ်တွေကစစ်ကြောင်းထိုးဝင်ရောက်လာတာတွေနဲ့ ဒေသခံ တွေ အဓိက သွားလာရာ လမ်းမကြီးဖြစ်တဲ့ ကလေး – ဂန့် ဂေါလမ်း ၊ကလေး-တမူးလမ်းတွေကို ပိတ်ထားတာကြောင့် ဖြစ်တယ်လို့ ဆိုပါတယ်။

စစ်အုပ်စုရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် ဒဏ်ရာရရှိသူ အပါအဝင် နာမကျန်းဖြစ်သူ  ၂၀၀၀ ကျော်ဟာ ဆေးဝါးပြတ်လပ်မှုတွေ ကြုံတွေ့နေရတာ ဖြစ်ပါတယ်။

လက်ရှိအချိန်မှာတော့ စစ်အုပ်စုတပ်တွေက ထောက်ကြန့်၊ ထိုမာ၊ ရာဇဂြိုဟ် ကျေးရွာတွေမှာ တပ်စွဲထားပြီးတော့ ကလေးမြို့ အဝင်အထွက် လမ်းမကြီးတွေကို သွားလာခွင့် ကန့်သတ်ထားတယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

“လမ်းတွေက အကုန်ပိတ်ထားတယ်။ဆေးနဲ့ ပတ်သက်ရင် ဘာပစ္စည်းသယ်လို့ မရဘူး “

ကလေးမြို့နယ်အတွင်းမှာ စစ်အုပ်စုတပ်တွေက ပြီးခဲ့တဲ့ နှစ်လကျော်က နတ်ချောင်း၊ တင်သား၊ နန်းစောင်းပု၊ ကျော်ရွာနဲ့ ကုက္ကိုလ်ကျေးရွာတို့မှာရှိတဲ့ ဆေးခန်းတွေကို လေကြောင်းအသုံးပြုကာ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ဆေးဝါးပစ္စည်းတွေ ထောင်ချီ ဆုံးရှုံးခဲ့တယ်လို့ ကျေးလက် ကျန်းမာရေးဆရာမတစ်ဦးက ပြောပါတယ်။

“ဆေးခန်းတွေ ဗုံးကြဲတော့ အဆောက်အဦးတွေက အကုန်ပျက်တယ်။ ဆေးတွေလဲ ဆုံးရှုံးတယ်။ အခုက လမ်းမပေါ်မှာလဲ ဆေးထိုးပေးနေရတာတွေ လုပ်ရတယ် “

ကလေးမြို့နယ်မှာတော့  တင်သား ၊ကုက္ကိုလ်၊ရှေရှင် ၊အင်းကျွန်း ၊ကျော်ရွာ ၊နတ်ချောင်း ၊ထိုမာ ၊နတ်မြောင်း ၊ရာဇဂြိုဟ် ၊သုံးအိမ်စု ၊လေးအိမ်စု ၊န်းဟံနွဲ့ ၊ကံကြီး ၊ကံသာယာ ၊နန်းစောင်းပု ၊မော်လိုက် ကလေး ရွာ သစ်၊၅၆ မိုင်၊ကြံစက်ကုန်း ၊ကြက်ဖနက် ၊ရန်မျိုးအောင်၊စော်ဘွားရေရှင် ၊မြစိမ်း ၊မြလင်း ၊လက်ပံချောင်း ၊ပျဉ်းတောဦး၊ပြည်တော်သာ  ၊မော်စီ ၊ပျဉ်းခုံကြီး စတဲ့ ကျေးရွာတွေမှာ နေထိုင်တဲ့ဒေသခံတွေ စစ်ဘေးရှောင်တိမ်းနေရပြီးတော့ ဒီနေ့အထိ နေရပ်မပြန်နိုင်သေးဘူးလို့ ဒေသခံတွေက ပြောပါတယ်။

Photo -Dr-Phyo Kyaw

MFP ရဲ့ သတင်း၊ ဆောင်းပါးနဲ့ ရုပ်သံတွေကို ယူကျူ့နဲ့ တယ်လီဂရမ်မှာလည်း ကြည့်နိုင်ပါတယ်။

Related Articles

Back to top button