စစ်ကိုင်းသတင်း

ချောင်းဦးမှာ လေးရက်ဆက်တိုက် စစ်ကြောင်းထိုးနေတဲ့ စစ်အုပ်စုက အမျိုးသားတစ်ဦးကို ပစ်သတ်ပြီး ဒေသခံ ၂၀ ကျော်ကို ဖမ်းဆီးထား၊

MN/MFP ၊ ဒီဇင်ဘာ – ၃ 

စစ်ကိုင်းတိုင်း၊ မုံရွာခရိုင် ချောင်ဦးမြို့နယ်မှာ နိုဝင်ဘာ ၃၀ ရက်ကနေ ဒီဇင်ဘာလ ၃ ရက်အထိ လေးရက်ကြာ စစ်ကြောင်းထိုးနေတဲ့ စစ်အုပ်စုနဲ့ပျူစောထီးစစ်ကြောင်းတွေက အမျိုးသားတစ်ဦးကို ပစ်သတ်ပြီး ဒေသခံ ၂၀ ကျော်ကို ဖမ်းဆီးထားတယ်လို့ မြေပြင်သတင်းရင်းမြစ်က MFP ကို ပြောပါတယ်။

ချောင်းဦးမြို့နယ်ထဲမှာ အင်အား ၁၀၀ ကျော်ပါတဲ့ စစ်အုပ်စုနဲ့ ပျူစောထီးစစ်ကြောင်းဟာ တစ်ရွာဝင်တစ်ရွာထွက် စစ်ကြောင်းထိုးပြီးနောက် ကျီကုန်းရွာက အသက် ၄၀ ကျော်အရွယ် အမျိုးသားတစ်ဦးကို သတ်ဖြတ်ခဲ့သလို စစ်အုပ်စုလာချိန် ထွက်ပြေးတဲ့ အမျိုးသားတစ်ဦးကိုပါ ထပ်မံပစ်ခတ်ခဲ့တာကြောင့် သေနတ်ကျည် ထိမှန်ဒဏ်ရာရခဲ့တယ်လို့ ဒေသခံသတင်းရင်းမြစ်တစ်ဦးက ဆိုပါတယ်။

“ကျီကုန်းရွာထဲကိုစစ်ကြောင်းဝင်လာတဲ့အချိန်မှာ သူက ပစ်သတ်ခံလိုက်ရတာ။ PDF နဲ့မှားပြီးတော့ ပစ်သတ်သွားတာလို့ထင်တာပဲ။ အဲဒါက စစ်ကြောင်းစဝင်လာတဲ့နေ့က ပစ်သတ်ခံလိုက်ရတာ။ နောက်ပြီးတော့ ခင်မွန်ရွာက အမျိုးသားတစ်ယောက်လည်း စစ်ကြောင်းလာချိန် ထွက်ပြေးလို့ဆိုပြီးတော့ (စခ)တွေက ပစ်လိုက်တာ ခြေထောက်မှာ ကျည်ခြောက်ချက်လောက်မှန်ပြီးတော့ ဒဏ်ရာရသွားတယ်”

ဒါ့အပြင် စစ်အုပ်စုစစ်ကြောင်းက ခင်မွန်ကျေးရွာနဲ့ ကျီကုန်းရွာမှာနေထိုင်တဲ့ ဒေသခံ ၂၀ ကျော်ကို ချောင်းဦးမြို့ပေါ်ကို ဖမ်းဆီးခေါ်ဆောင်သွားပြီး ဒီကနေ့ထိ ပြန်လွှတ်မပေးသေးဘူးလို့ နောက်ထပ်ချောင်းဦး ဒေသခံတစ်ဦးက ပြောပါတယ်။

“စစ်ကြောင်းက ဖမ်းဆီးသွားတဲ့သူတွေက ခင်မွန်ရွာမှာတင် ၁၀ ယောက်ကျော်တယ်။ နောက်ပြီး ကျီကုန်းရွာကလည်း ဖမ်းဆီးခံရသူတွေရှိတယ်။ တောထဲမှာ စပါးရိတ်နေတဲ့သူတွေ နွားကျောင်းသားပါမကျန်ဘူး အကုန်ဖမ်းသွားတာ။ ဒီနေ့ထိ ပြန်မလွတ်လာသေးဘူး။ လူဦးရေစာရင်းအတိအကျတော့ မသိရသေးဘူး။ ဖမ်းဆီးခံရသူတွေကတော့ ချောင်းဦးမြို့ပေါ်ကိုခေါ်သွားတာ။ ပေါ်တာသဘောမျိုးဆွဲသွားတာပေါ့။ အသက်အရွယ်ကတော့ အစုံပဲ ခေါင်းဖြူနေတဲ့လူကြီးတွေပါ ပါသွားတာ”

လက်ရှိမှာ စစ်အုပ်စုစစ်ကြောင်းက ချောင်းဦးမြို့နယ်အတွင်း ကျီကုန်းရွာနဲ့ ခင်မွန်ရွာအနီးမှာ ဆက်ရှိနေသေးတာကြောင့် ဒေသခံတွေဟာ ကျေးရွာတွေအထဲ ပြန်မဝင်နိုင်သေးဘဲ စစ်ဘေးတိမ်းရှောင်နေကြရဆဲဖြစ်တယ်လို့ ဒေသခံ သတင်းရင်းမြစ်တွေက ဆိုပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာလကလည်း ချောင်းဦးနယ် ခင်မွန်ရွာကို စစ်အုပ်စု ဝင်ရောက်စီးနင်းပြီးနောက် အမျိုးသားနှစ်ဦးကို သတ်ဖြတ်ကာ ဒေသခံ ၅၀ ကျော် ဖမ်းဆီးခံထားရပြီး အဲဒီအထဲက လူငယ် ၁၅ ဦးကျော်ကို  ပြန်မလွှတ်သေးဘဲ စစ်အုပ်စုက ဆက်လက်ဖမ်းဆီး ထားတယ်လို့လည်း ဒေသခံတွေက ဆိုပါတယ်။

ချောင်းဦးမြို့နယ်ထဲမှာ စစ်အုပ်စုက မြေပြင်က စစ်ကြောင်းထိုး စီးနင်းလုယက်မီးရှို့တာ၊ ဒေသခံတွေကို ဖမ်းဆီးသတ်ဖြတ်တာနဲ့ လက်နက်ကြီးတွေနဲ့ နေ့စဉ်ပစ်ခတ်တာ၊ လေကြောင်းက ဗုံးကြဲသတ်ဖြတ်တာတွေ မကြာခဏ ကျူးလွန်နေတာဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

MFP ရဲ့ သတင်း၊ ဆောင်းပါးနဲ့ ရုပ်သံတွေကို ယူကျူ့နဲ့ တယ်လီဂရမ်မှာလည်း ကြည့်နိုင်ပါတယ်။

Related Articles

Back to top button