အီသာရမ်/MFP ၊ ဒီဇင်ဘာ-၆
စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်အရှေ့ခြမ်း မရကန်ကျေးရွာကု စစ်အုပ်စုက လေကြောင်းနဲ့ဗုံးကြဲတိုက်ခိုက်ရာမှာ ဒီဇင်ဘာလ ၆ ရက် ဒီနေ့နေ့လည်ပိုင်းအထိ သေဆုံးသူ ၂၁ ဦးနဲ့ ထိခိုက်ဒဏ်ရာရသူ ၃၀ ဦးထိရှိတယ်လို့ ဒေသခံသတင်းရင်းမြစ်က MFP ကို ပြောပါတယ်။
ဒီဇင်ဘာလ ၅ ရက်နေ့ ည ၈ နာရီခန့်က ဒီပဲယင်းမြို့နယ်အရှေ့ခြမ်း မရကန်ကျေးရွာက လက်ဖက်ရည်ဆိုင်မှာ ဆီးဂိမ်းပြိုင်ပွဲဖြစ်တဲ့ မြန်မာ – ဖိလစ်ပိုင် အမျိုးသမီးဘောလုံးပွဲကို ဒေသခံတွေစုပေါင်း ကြည့်ရှုနေချိန်မှာ စစ်အုပ်စု ဂျက်ဖိုက်တာအမျိုးအစားလေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။
ပေါက်ကွဲအားပြင်းထန်တဲ့ ဗုံးတွေကြဲချ တိုက်ခိုက်ခဲ့တာကြောင့် အသက် ၅ နှစ်အရွယ်ကနေ ၇၀ ကျော်အရွယ်တွေရှိတဲ့ ဒေသခံ ၂၁ ဦးအထိ သေဆုံးခဲ့ပြီး ထိခိုက်ဒဏ်ရာရသူ ၂၁ ဦးထိရှိလာတာ ဖြစ်ပါတယ်။
သေဆုံးသူတွေအနေနဲ့ မောင်ခန့်ဇေယျာအောင်(၅-နှစ်)၊ကိုဖြိုး(၂၀-နှစ်)၊ကိုရဲထက်(၃၃-နှစ်)၊ကိုဝေယံ(၃၇-နှစ်)၊ပူတူး(၃၇-နှစ်)၊ကိုဖိုးနီ(၄၄-နှစ်)၊ဦးဇော်ဌေး(၄၄-နှစ်)ဦးလင်းအောင်(၅၀-နှစ်)၊ဒေါ်ဌေးစီ(၅၃-နှစ်)၊ဦးကံဌေး(၅၆-နှစ်)၊ဦးမြင့်သောင်း(၅၇-နှစ်)၊ဒေါ်ခင်မာအေး(၅၇-နှစ်)ဒေါ်ခင်မော်(၅၉-နှစ်)၊ဦးကျော်မြင့်(၅၉-နှစ်)၊ဦးမြတ်ရှိန်း(၇၂-နှစ်)၊ဦးဥာဏ်ပို(၇၅-နှစ်)၊ဦးတင်ရွှေ(၇၇-နှစ်) နဲ့ ကိုသန်းဇော်ဦး စတဲ့ ကနဦးစာရင်းကို MFPက ရရှိထားတာဖြစ်ပါတယ်။
လတ်တောမှာတော့ လေကြောင်းရန်ကို စိုးရိမ်နေတဲ့ကြားကပဲ သေဆုံးသူတွေကို သဂြိုဟ်နေရသလို ဒဏ်ရာရသူတွေကိုတော့ လုံခြုံတဲ့နေရာမှာ ဆေးကုသမှုပေးနေပြီး ဒဏ်ရာရသူတွေအထဲမှာ အသက်အန္တရာယ်စိုးရိမ်ရသူတွေလည်း ရှိနေသေးတယ်လို့ မြေပြင်မှာကူညီနေသူတွေက ဆိုပါတယ်။
စစ်အုပ်စုတပ်က ဒီပဲယင်းမြို့နယ်ကို မနေ့က တစ်ရက်ထဲမှာပဲ ဂျိုင်ရိုကော်ပတာ၊ ဂျက်ဖိုက်တာတွေ အသုံးပြုပြီး လေကြောင်းကနေ ငါးကြိမ်ထက်မနည်း ပစ်ခတ်တိုက်ခိုက် ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
MFP ရဲ့ သတင်း၊ ဆောင်းပါးနဲ့ ရုပ်သံတွေကို ယူကျူ့နဲ့ တယ်လီဂရမ်မှာလည်း ကြည့်နိုင်ပါတယ်။



