စစ်ကိုင်းသတင်း

စစ်ကိုင်းမှာ ခရီးသည်တင်ကားပေါ်တွေအထိ အမျိုးသားတွေကို စစ်အုပ်စု ပေါ်တာဆွဲဖမ်းဆီးနေ၊

MN/MFP ၊ ဒီဇင်ဘာ – ၈

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့မှာ စစ်အုပ်စုက ခရီးသည်တင်ကားပေါ်မှာ လိုက်ပါလာတဲ့ အမျိုးသားတွေကို ဒီဇင်ဘာ ၈ ရက် ဒီကနေ့မနက်ပိုင်းမှာ ပေါ်တာဆွဲဖမ်းဆီးတာနဲ့ ငွေညှစ်တာတွေ လုပ်ဆောင်နေတယ်လို့ ဒေသခံသတင်းရင်းမြစ်တွေက MFPကို ပြောပါတယ်။ 

မုံရွာ-မန္တလေးလမ်းပိုင်း ကောင်းမှုတော်ဘုရားအကျော်က နီလာဦးရပ်ကွက် ရထားသံလမ်းမှာ စစ်အုပ်စုတပ်က ခရီးသည်တင်ကားပေါ်မှာ လိုက်ပါလာတဲ့ အမျိုးသားတွေကို ပေါ်တာဆွဲဖမ်းဆီးနေတာလို့ ဒေသခံသတင်းရင်းမြစ်တစ်ဦးက ဆိုပါတယ်။

“ဒီမနက်ပိုင်းမှာ စစ်ကိုင်းမြို့ပေါ်ရပ်ကွက်တွေမှာပါ ပေါ်တာဆွဲနေတာ။ နေရာစုံမှာဆွဲနေတာဆိုတော့ အရေအတွက် အတိအကျတော့ မသိရဘူး။ တချို့ ငွေနဲ့ပြန်ရွေးခိုင်းတယ်။ ငွေနဲ့ပြန်ရွေးခိုင်းလို့ သွားရွေးတဲ့အခါ ငွေယူပြီး လူပြန်မလွတ်တာတွေလည်းရှိတယ်။ မနေ့ကဆိုရင် စစ်ကိုင်းမြို့ပေါ်ကို ဈေးလာဝယ်ကြပြီး ပြန်တဲ့ကားတွေ အားလုံးကို သူတို့(စစ်အုပ်စု) မသင်္ကာရင်ဖမ်းတယ်။ ခရီးသည်တွေကို တစ်ယောက်ကို ငါးသောင်း၊ ကားသမားကို တစ်သိန်းတောင်းတယ်။ မပေးနိုင်ရင် လူဆွဲချတယ်”

စစ်အုပ်စုက စစ်ကိုင်းမြို့ပေါ်ရပ်ကွက်တွေမှာ နေ့စဉ်လိုလို အမျိုးသားတွေကို ပေါ်တာဆွဲ ဖမ်းဆီးတာတွေအပြင် မြို့ပေါ်မှာ ဖြတ်သန်းသွားလာနေတဲ့ ခရီးသည်တင်ကားတွေပေါ်က အမျိုးသားတွေကိုပါ ပေါ်တာဆွဲတာ ဖမ်းဆီးတာတွေ ပိုတိုးလုပ်ဆောင်လာတာ ဖြစ်ပါတယ်။

စစ်အုပ်စုရဲ့ လူသစ်စုဆောင်းမှုကြောင့် စစ်ကိုင်းမြို့ပေါ်မှာ တစ်ရက်ကို အနည်းဆုံး အမျိုးသား ၁၀ ဦးကနေ ၅၀ ဝန်းကျင် ဖမ်းဆီးခံနေရတယ်လို့ စစ်ကိုင်းမြို့ခံတွေရဲ့ ပြောဆိုချက်ကိုတော့ MFPအနေနဲ့ သီးခြားအတည် ပြုနိုင်တာမျိုး မရှိသေးပါဘူး။

လက်ရှိ စစ်ကိုင်းမြို့ပေါ်မှာ စစ်အုပ်စုက လာမယ် ဒီဇင်ဘာ ၂၈ ရက်မှာလုပ်မယ့် ရွေးကောက်ပွဲအတွက် မြို့ခံတွေကို စည်းရုံးတာတွေလုပ်ဆောင်နေသလို စစ်ရှောင်ပြည်သူတွေကိုပါ မဲထည့်ဖို့ရာ ငွေကြေးနဲ့ စားနပ်ရိက္ခာတချို့ပေးကာ စည်းရုံးတာတွေ လုပ်ဆောင်နေတယ်လို့ ဒေသခံတွေက ဆိုပါတယ်။

စစ်အုပ်စုက စစ်ကိုင်းမြို့ပေါ်မှာ ပေါ်တာဆွဲတာနဲ့ ရွေးကောက်ပွဲအတွက် မဲဆွယ်စည်းရုံးတာတွေ လုပ်ဆောင်နေပေမဲ့ တော်လှန်ရေးတပ်ဖွဲ့တွေ နယ်မြေစိုးမိုးထားတဲ့ စစ်ကိုင်းမြို့အပြင်

ဘက်က ကျေးရွာတွေကိုတော့ မဲဆွယ်စည်းရုံးရေး မလုပ်ရဲကြဘူးလို့ ဒေသခံတော်လှန်ရေး သတင်းရင်းမြစ်တွေက ပြောပါတယ်။

လွတ်လပ်တဲ့ သုတေသနအဖွဲ့တစ်ခုဖြစ်တဲ့ ဗမာ့ရေးရာနဲ့ ပဋိပက္ခ လေ့လာရေးအဖွဲ့ (BACS) ရဲ့ ၂၀၂၄ ခုနှစ် အောက်တိုဘာ ၁၉ ရက်နေ့အထိ ထုတ်ပြန်ချက်အရ စစ်မှုထမ်းအပတ်စဥ် (၁) ကနေ အပတ်စဥ် (၅) အထိ စစ်သားစုဆောင်းခံရသူ နှစ်သောင်းကျော် (၂၁,၀၀၀) ရှိခဲ့ပါတယ်။

MFP ရဲ့ သတင်း၊ ဆောင်းပါးနဲ့ ရုပ်သံတွေကို ယူကျူ့နဲ့ တယ်လီဂရမ်မှာလည်း ကြည့်နိုင်ပါတယ်။

Related Articles

Back to top button