စစ်ကိုင်းသတင်း

မင်းကင်းမှာ ကျောင်းသားတပ်စခန်း ဗုံးကြဲတိုက်ခိုက်ခံရတာကြောင့် ၁၀ ဦးကျော် ထိခိုက်ဒဏ်ရာရ၊

ရွှေဥ/MFP ၊ ဒီဇင်ဘာ – ၈

စစ်ကိုင်းတိုင်း၊ မင်းကင်းမြို့နယ်မှာ ဒီဇင်ဘာ ၈ ရက် ဒီနေ့နေ့လယ်ပိုင်းမှာ စစ်အုပ်စုတပ်တွေက ဂျက်ဖိုက်တာ ခြောက်စီး၊ စက်တပ်လေထီး နှစ်စီး အသုံးပြုကာ ကျောင်းသားတော်လှန်ရေးတပ်စခန်း (Student’s Revolution Force)ရှိနိုင်မယ် ထင်တဲ့နေရာကို ဗုံးကြဲခဲ့တာကြောင့် ၁၀ ဦးကျော်ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ ဒေသခံသတင်းရင်းမြစ်တွေက ပြောပါတယ်။

မုံရွာအခြေစိုက် အနောက်မြောက်တိုင်း စစ်ဌာနချုပ် (နမခ)ကနေ ပျံတက်လာတဲ့ စက်တပ်လေထီး နှစ်စီး ၊မိတ္ထိလာနဲ့ တံတားဦးလေတပ်ကနေ ဂျက်ဖိုက်တာ ‌ခြောက်စင်းနဲ့ မင်းကင်းမြို့နယ် ချင်းတွင်းမြစ်ရိုးအောက်မှာရှိတဲ့ ထန်းပင်ချောင်၊ နနွင်းချောင်းကျေးရွာအနီးက ကျောင်းသားတော်လှန်ရေးတပ်စခန်း (Student’s Revolution Force) နေရာတွေကို ဗုံးကြဲတိုက်ခိုက် ခဲ့တာဖြစ်ပါတယ်။

ရုတ်တရက် ဗုံးကြဲတိုက်ခိုက်မှုကြောင့် တော်လှန်ရေးတပ်ဖွဲ့ဝင် ၁၀ ဦးကျော် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ စစ်ရေးသတင်းရင်းမြစ်တစ်ဦးက ပြောပါတယ်။

“နေ့လယ် ၁၂ ကျော်ကျော်မှာ စကြဲတာ၊ ဒဏ်ရာရသူတွေက ၁၀ ‌ကျော်  ရှိတယ်လို့သိရတယ်။ အဲ့ဒီနားက စစ်ရှောင်တဲတွေလည်းရှိတယ်။ ရဲဘော်ကတော့ ၁၀ ဦးကျော် ဒဏ်ရာရတယ်လို့ သိရတယ်။အရပ်သားတွေ ဘယ်လောက်ထိမယ်ဆိုတာကတော့ မသိရသေးဘူး “

စစ်အုပ်စုတပ်တွေက တော်လှန်ရေးအင်အားစုတွေ ရှိနိုင်မယ်ထင်တဲ့နေရာတွေကို ဗုံးကြဲတိုက်ခိုက်ခဲ့တာဖြစ်ပြီး စစ်ရှောင်တချို့ ဗုံးစထိမှန်ဒဏ်ရာရတာရှိပေမဲ့ အသေးစိတ် အခြေအနေကိုတော့ စစ်အုပ်စု လေကြာင်းအန္တရာယ်ရှိနေသေးတာကြောင့်  အတိအကျ မသိရသေးဘူးလို့ ဆိုပါတယ်။

“ အရပ်သားတွေ ထိခိုက်မှုကတော့  မသိရသေးဘူးဗျ။ ဗုံးကတော့ ဆက်တိုက်ကြဲသွားတာ ခဏခဏ လာချတော့ ကယ်ဆယ်ရေးလုပ်ဖို့ ကြိုးစားနေပါတယ်။ တိုက်ပွဲကတော့ မဖြစ်ပါဘူး “

စစ်အုပ်စုတပ်ဟာ တိုက်ပွဲဖြစ်ပွားနေတာမရှိတဲ့ မင်းကင်းနယ်က ကျေးရွာတွေကို လေကြောင်းကနေ အကြောင်းမဲ့ ဗုံးကြဲတိုက်ခိုက်နေတာဖြစ်ပြီး တော်လှန်ရေးအင်အားစုတွေ ရှိနိုင်မယ် ထင်တဲ့နေရာတွေကို ရမ်းသန်းပစ်ခတ်နေတာလို့ ဒေသခံတွေက ဆိုပါတယ်။

ဒီဗုံးကြဲတိုက်ခိုက်ခံရမှုနဲ့ ပတ်သက်ပြီး အတိအကျသိရဖို့ ကျောင်းသားတော်လှန်ရေးတပ် (Student’s Revolution Force)အဖွဲ့ကို MFP ကတယ်လီဖုန်းနဲ့ အကြိမ်ကြိမ်ဆက်သွယ်ခဲ့ပေမဲ့ ဖုန်းလိုင်းအခက်အခဲကြောင့် အကြောင်းမပြန်သေးပါဘူး။

စစ်ကိုင်းတိုင်း အတွင်းမှာ တော့ စစ်အုပ်စု တပ်တွေက ကနီ ၊မင်းကင်း ၊ဝက်လက် ၊ကောလင်း  ၊ဒီပဲယင်း ၊ရွှေဘို ၊စစ်ကိုင်း ၊ဘုတလင် ၊ကလေး ၊ချောင်းဦး၊ခင်ဦး ၊ကန့်ဘလူ ၊ရေဦးမြို့နယ်ကို  ဗုံးကြဲ သတ်ဖြတ်မှုတွေ နေ့စဉ် ကျူးလွန်နေတာကြောင့် ပြည်သူတွေ လေကြောင်း အန္တရာယ် သတိထားနေထိုင်ကြဖို့ တော်လှန်ရေးအင်အားစုတွေက တိုက်တွန်းထားပါတယ်။

ပုံစာ – Student’s Revolution Force တွေကို ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ်က မြင်တွေ့ရပုံ။

MFP ရဲ့ သတင်း၊ ဆောင်းပါးနဲ့ ရုပ်သံတွေကို ယူကျူ့နဲ့ တယ်လီဂရမ်မှာလည်း ကြည့်နိုင်ပါတယ်။

Related Articles

Back to top button