စစ်ကိုင်းသတင်း

မြစ်ခြေမှာ ဒရုန်းဗုံးသီးသယ်ယူချိန် ပေါက်ကွဲတာကြောင့် ရဲဘော်နှစ်ဦးကျဆုံး တစ်ဦးဒဏ်ရာပြင်းထန်

အီသာရမ်/MFP ၊ ဒီဇင်ဘာ-၁၁

မကွေးတိုင်း၊ မြစ်ခြေနယ်မှာ စစ်ဆင်ရေးအတွက် ဒီဇင်ဘာလ ၉ ရက်နေ့က ဒရုန်းဗုံးသီးသယ်ယူနေချိန် ရုတ်တရက် ဗုံးသီး‌ပေါက်ကွဲတာကြောင့် တော်လှန်ရေးရဲဘော်နှစ်ဦးကျဆုံးပြီး တစ်ဦးထိခိုက်ဒဏ်ရာပြင်းထန်တယ်လို့ ပခုက္ကူခရိုင် ပကဖ တပ်ဖွဲ့ – ၅ရဲ့ဧရာဒေါင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က MFP ကို အတည်ပြု ပြောပါတယ်။

ပေါက်မြို့နယ်မှာ ရောက်ရှိနေတဲ့ စစ်အုပ်စုစစ်ကြောင်းကို တိုက်ခိုက်ဖို့အတွက် နောက်တန်းစခန်းမှာ ဒရုန်းဗုံးသီးတွေ သယ်ယူနေချိန်မှာ ပေါက်ကွဲမှုဖြစ်ပြီး ကျန်ရှိနေတဲ့ ဗုံးသီးတွေပါထပ်ဆင့်ပေါက်ကွဲခဲ့တာဖြစ်ပါတယ်။

ပေါက်ကွဲမှုကြောင့် ဧရာဒေါင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ရဲဘော်တစ်ဦးနဲ့ ပေါက်မြို့နယ် အခြေစိုက် BLY ပြည်သူကာကွယ်ရေးအဖွဲ့-ပေါက်ပကဖ က ရဲဘော်တစ်ဦးတို့ ကျဆုံးခဲ့တယ်လို့ ဧရာဒေါင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ပြန်ကြားရေးတာဝန်ခံကိုရှိန်းက ပြောပါတယ်။

“ဒရုန်းထဲက အီနာဂါသီးကို အရွှေ့အပြုလုပ်ရင်းနဲ့ မတော်တဆ (Error) တတ်သွားတာဗျ။ အဲဒီနားရှိတဲ့ အသီးတွေပါ ကွဲပြီးတော့ နှစ်ယောက်ကျသွားတာဗျ၊တစ်ယောက်ကတော့ ဒဏ်ရာ ပြင်းတယ်ဗျ”

ဒရုန်းဗုံးသီးပေါက်ကွဲလို့ ကျဆုံးသွားတဲ့ ရဲ‌ဘော်တွေမှာ ဧရာဒေါင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ဒရုန်းတပ်ဖွဲ့က အသက်၂၀အရွယ် ရဲဘော်ဂဠုန်နဲ့   BLY ပြည်သူကာကွယ်ရေးအဖွဲ့-ပေါက်ပကဖ ဒရုန်းတပ်ဖွဲ့က အသက်-၁၇နှစ်အရွယ် ရဲဘော်စိန်အုပ်တို့ဖြစ်ပြီး နောက်ထပ်ရဲဘော်တစ်ဦးကတော့ ထိခိုက်ဒဏ်ရာ ပြင်းထန်တယ်လို့ ဆိုပါတယ်။

ကျဆုံးသွားတဲ့ ရဲဘော်နှစ်ဦးကို ဒီဇင်ဘာလ ၁၀ ရက်မှာတော့ တပ်ဖွဲ့ ဓလေ့ထုံးစံနဲ့အညီ သေနတ်ပစ်ဖောက် သင်္ဂြိုလ်ပေးခဲ့ပြီး မိသားစုဝင်တွေကိုလည်း တပ်ဖွဲ့လိုက် သွားရောက်တွေ့ဆုံကာ ကူညီထောက်ပံ့ခဲ့တယ်လို့ ဆိုပါတယ်။

အဲဒီ ဒရုန်းဗုံးသီးပေါက်ကွဲချိန်မှာလည်း  BLY ပြည်သူကာကွယ်ရေးအဖွဲ့-ပေါက်ပကဖ  ကားတစ်စီးလည်း မီးလောင်ဆုံးရှုံးခဲ့ရသလို လက်နက်ခဲယမ်းတွေလည်း ဆုံးရှုံးခဲ့ရတယ်လို့ ဆိုပါတယ်။

MFP ရဲ့ သတင်း၊ ဆောင်းပါးနဲ့ ရုပ်သံတွေကို ယူကျူ့နဲ့ တယ်လီဂရမ်မှာလည်း ကြည့်နိုင်ပါတယ်။

Related Articles

Back to top button