ရွှေဥ /MFP ၊ ဒီဇင်ဘာ – ၁၂
စစ်ကိုင်းတိုင်း ၊ရွှေဘိုမြို့နယ်မှာ မြိုက်နဲ့ကင်းဗျားကျေးရွာတွေမှာ ဒီဇင်ဘာ ၁၁ ရက်က တောင်သူတွေရဲ့ စပါးရိတ်ချွေစက်တွေကို ခိုးယူလုယက်နေတဲ့ စစ်အုပ်စုတပ်တွေကို တော်လှန်ရေးအင်အားစုတွေက စီးနင်းတိုက်ခိုက်ရာ စစ်အုပ်စုတပ်သားလေးဦး သေဆုံးခဲ့တယ်လို့ ရွှေဘိုမြို့ ပြည့်သူ့အုပ်ချုပ်ရေးအဖွဲ့ (ပကဖ)က ဒီနေ့မှာ သတင်းထုတ်ပြန်ပါတယ်။
စစ်အုပ်စုနဲ့ ပျူစောထီးအပေါင်းပါတွေဟာ မြိုက်နဲ့ကင်းဗျားကျေးရွာတွေအနီးမှာ စိုက်ပျိူးထားတဲ့ စပါးတွေကို ရိတ်သိမ်းနေတဲ့ တောင်သူတွေရဲ့ ရိတ်ချွေစက်နှစ်စီးကို ခိုးယူလုယက်နေချိန် တော်လှန်ရေးအင်အားစုတွေက စီးနင်းတိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။ဒီတိုက်ခိုက်မှုမှာ စစ်အုပ်စုတပ်သား လေးဦးသေဆုံးကာ ရိတ်ချွေစက် တစ်စီးကိုတော့ ပြန်လည် ယူပေးနိုင်ခဲ့တယ်လို့ ဆိုပါတယ်။
“တိုက်ခိုက်မှုအတွင်း စစ်အုပ်စုဘက်မှ လေးဦး သေဆုံးခဲ့ပြီး မိမိတို့ကာကွယ်ရေးရဲဘော်များဘက်မှ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ပါသည်။ တိုက်ပွဲဖြစ်ပွားချိန် ၁ နာရီကျော် ကြာမြင့်ခဲ့ပါသည်။ ပြည်သူများ၏စပါးရိတ်နှစ်စီးအနက် တစ်စီးကိုသာ စခ၊ပခများဖက်မှ ယူဆောင်သွားနိုင်ခဲ့ပြီး ၊ ကျန်စပါးရိတ်စက်တစ်စီးနှင့် ဘေးတွဲတစ်စီး၊ ဆိုင်ကယ်တို့အား ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)များမှ ပြန်လည်ယူဆောင်ပေးနိုင်ခဲ့ပါသည်။ထိုပစ္စည်းများအား ပိုင်ရှင်ဖြစ်သူ ဒေသခံပြည်သူများထံ လက်ထိလက်ရောက် ပြန်လည်အပ်နှံပေးခဲ့ပါသည်”လို့ ရွှေဘို ပကဖ ထုတ်ပြန်ပါတယ်။
ပြီးခဲ့တဲ့ ဒီဇင်ဘာ ၅ ရက်နေ့ကလဲ ရွှေဘိုမြို့မရဲစခန်းနဲ့ ခလရ- ၄၂ တပ် အထိုင်စခန်းတို့ကို ဒရုန်းအသုံးပြု ဗုံးသီးချတိုက်ခိုက်ရာ စစ်အုပ်စုရဲတပ်သား သုံးဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ ရွှေဘိုမြို့နယ်ပကဖ ထုတ်ပြန်ထားပါတယ်။
ဒါ့အပြင် ရွှေဘိုမြို့နယ်မှာ စစ်အုပ်စုလက်အောက်ခံ ပျူစောထီးကျေးရွာ ၂၃ ရွာရှိတဲ့အထဲက တော်လှန်ရေးအင်အားစုတွေ တိုက်ခိုက်သိမ်းပိုက်တာနဲ့ စခန်းစွန့်ခွာ ထွက်ပြေးတာတွေကြောင့် ၁၃ ရွာသာ ကျန်ရှိတော့ တယ်လို့တော်လှန်ရေးအင်အားစုတွေက ပြောပါတယ်။
MFP ရဲ့ သတင်း၊ ဆောင်းပါးနဲ့ ရုပ်သံတွေကို ယူကျူ့နဲ့ တယ်လီဂရမ်မှာလည်း ကြည့်နိုင်ပါတယ်။



