စစ်ကိုင်းသတင်း

မုံရွာနယ်မှာ စစ်အုပ်စုက တော်လှန်ရေးတပ်စခန်း တစ်ခုအပါဝင် နေအိမ် ၅၀ ကျော်ကို မီးရှို့ဖျက်ဆီး၊

နဂါးတွင်းကျေးရွာကို လေးကြိမ်ထက်မနည်း စစ်အုပ်စုမီးရှို့ဖျက်ဆီးတာကြောင့် နေအိမ် ၂၀၀ခန့် မီးလောင်ပျက်စီး

MN/MFP ၊ ဒီဇင်ဘာ – ၁၆ 

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်တောင်ဘက်ခြမ်းက ကျေးရွာတွေကို ဒီဇင်ဘာ ၁၅ ရက် မနေ့ကတစ်ရက်ထဲမှာ အင်အား ၁၅၀ ကျော်ပါတဲ့ စစ်အုပ်စုစစ်‌ကြောင်း ဝင်ရောက်ပြီးနောက် ဒေသတွင်း တော်လှန်ရေးတပ်ဖွဲ့ စခန်းငယ်တစ်ခုအပါဝင် နေအိမ် ၅၀ ကျော်ကို မီးရှို့ဖျက်ဆီးသွားတယ်လို့ ဒေသခံသတင်းရင်းမြစ်တွေက ပြောပါတယ်။ 

ဒီဇင်ဘာ ၁၅ ရက်က မုံရွာမြို့တောင်ဘက်က စစ်အုပ်စုတပ်အထိုင်ချထားတဲ့ စွမ်းရည်ထက်ဆီဆိုင်ကနေ ထွက်လာတဲ့ အင်အား ၁၅၀ ကျော်ပါ စစ်အုပ်စုနဲ့ပျူစောထီး ပူးပေါင်းစစ်ကြောင်း ဟာ ထနောင်းတော(တောင်-မြောက်)ရွာ၊ မင်းကုန်း၊ မြင်သာ၊ ဆူးလေကုန်း၊ ပေါက်ပင်၊ နဂါးတွင်းစတဲ့ ကျေးရွာတွေကို စစ်ကြောင်းထိုး ဝင်ရောက်ပြီးနောက် နေအိမ်တွေကို စီးနင်းလုယက် မီးရှို့ဖျက်ဆီးခဲ့တာဖြစ်တယ်လို့ ဒေသခံတွေက ဆိုပါတယ်။

“တော်လှန်ရေးတပ်ဖွဲ့စခန်းကတော့ အဆောက်အဦလောက်ပဲ ပါသွားတာပါ။ တခြားဆုံးရှုံးတာ မရှိပါဘူး။ စစ်ကြောင်းကတော့ ဒီကနေ့မရှိတော့ဘူး။ မီးဘေးသင့်ပြည်သူတွေအတွက်

ကတော့ အတော်လေး ဒုက္ခတွေရောက်နေကြတယ်။ သူတို့အတွက် အကူညီတွေလိုတာပေါ့ဗျာ”

လတ်တလောမှာတော့ စစ်အုပ်စုတပ်က မုံရွာနယ်တောင်ခြမ်းက ကျေးရွာတွေကို စီးနင်းလုယက်မီးရှို့ခဲ့တာကြောင့် နဂါးတွင်းရွာက နေအိမ် ၄၉ လုံးနဲ့ ပေါက်ပင်ရွာက နေအိမ်လေးလုံး မီးလောင်ပျက်စီးခဲ့ရတယ်လို့ ဒေသခံတွေက ဆိုပါတယ်။

စစ်အာဏာသိမ်းထားတဲ့ ငါးနှစ်နီးပါးအတွင်း အိမ်ခြေသုံးရာဝန်းကျင်ရှိတဲ့ နဂါးတွင်းကျေးရွာကို စစ်အုပ်စုတပ်က လေးကြိမ်ထက်မနည်း မီးရှို့ခံခဲ့ရပြီး ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ်ကလည်း စစ်အုပ်စုတပ်က နှစ်ကြိမ် ဝင်ရောက်မီးရှို့ခဲ့တာကြောင့် နေအိမ်သုံးဆယ်ကျော် မီးလောင်ပျက်စီးခဲ့ရသလို၂၀၂၄ခုနှစ်မှာတော့  အိမ်ခြေ၁၀၀နီးပါး မီးလောင်ပျက်စီးခဲ့ပါတယ်။

ဒီကနေ့မှာတော့ စစ်အုပ်စု စစ်ကြောင်းပြန်ထွက်သွားတာကြောင့် စစ်ဘေးရှောင်နေကြတဲ့ ဒေသခံတွေအနေနဲ့ ကျေးရွာတွေကို ပြန်လည်ဝင်ရောက် နေကြပြီဖြစ်သလို မီးလောင်ခဲ့တဲ့ နေအိမ်တွေကို ဒေသခံတွေက ရှင်းလင်းရေးတွေလုပ်ဆောင်နေကြတယ်လို့ ဆိုပါတယ်။

စစ်အုပ်စုက မုံရွာနယ်တောင်ခြမ်းက ကျေးရွာတွေကို မြေပြင် စစ်ကြောင်းထိုး စီးနင်းလုယက် မီးရှို့ဖျက်ဆီးတာ၊ လက်နက်ကြီးနဲ့ပစ်ခတ်တာ၊ စက်တပ်လေထီး၊ ဂျိုင်ရိုကော်ပတာတွေနဲ့ လေကြောင်းက ဗုံးသီးချတိုက်ခိုက်တာတွေ ကျူးလွန်နေတာကြောင့် ဒေသခံတွေ သေဆုံး ထိခိုက်ဒဏ်ရာရတာတွေ မကြာခဏကြုံတွေနေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

MFP ရဲ့ သတင်း၊ ဆောင်းပါးနဲ့ ရုပ်သံတွေကို ယူကျူ့နဲ့ တယ်လီဂရမ်မှာလည်း ကြည့်နိုင်ပါတယ်။

#Mandalay_Free_Press_MFP 

#အညာ #စစ်ကိုင်း #မန္တလေး #မကွေး

Related Articles

Back to top button