စစ်ကိုင်းသတင်း

စစ်ကိုင်းတိုင်း ရွှေဘိုကို စစ်အုပ်စုတစ်ရက်ထဲ လေကြောင်းကနေ ဗုံး ၁၈ ကြိမ်ကြဲချ၊

လေကြောင်းတိုက်ခိုက်မှုကြောင့် ဘုန်းကြီးတစ်ပါးအပါအဝင် လေးဦးသေဆုံး၊ နှစ်ဦးဒဏ်ရာပြင်းထန်

နွေဦး/MFP ၊ ဒီဇင်ဘာ – ၁၆

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်ကို ဒီဇင်ဘာလ ၁၆ ရက် ဒီနေ့တစ်ရက်ထဲမှာ ပဲ မနက် ၁၀နာရီ ၅ မိနစ်ကနေ ၁၂ နာရီ ၅၄ မိနစ်အထိ လေကြောင်းကနေ ဂျက်ဖိုက်တာနဲ့ ၁၆ ကြိမ် ဂျိုင်ရိုကော်ပတာနဲ့ နှစ်ကြိမ် စုစုပေါင်း ၁၈ ကြိမ်တိုက်ခိုက်ခဲ့တယ်လို့ Wetlet Information Newtwork က ထုတ်ပြန်ပါတယ်။

တံတားဦးလေတပ်ကနေ တက်လာတဲ့ ဂျက်ဖိုက်တာလေးစင်းနဲ့ ဒေသခံတွေနေထိုင်တဲ့ ကျေးရွာတွေကို လေကြောင်းကနေ ဗုံးအလုံးရေ ရာနဲ့ချီ ကြဲချခဲ့တယ်လို့ ဆိုပါတယ်။

အလားတူ မုံရွာအခြေစိုက် အနောက်မြောက်တိုင်းစစ်ဌာနချုပ်က တက်လာတဲ့ ဂျိုင်ရိုကော်ပတာသုံးစင်းလည်း မြို့အရှေ့တောင်ခြမ်းက ကျေးရွာတွေကို လေကြောင်းတိုက်ခိုက်မှုတွေ ပြုလုပ်ခဲ့ပါတယ်။

လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သားတွေ သေဆုံးဒဏ်ရာရတာတွေ ရှိနေတယ်လို့ Wetlet Information Newtwork အဖွဲ့ရဲ့တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

“ရွှေဘိုနယ်တောင်ခြမ်း လက်စုံစမ်းသိရှိရတာက သေဆုံးတာက လူ သုံးဦးနဲ့ ဘုန်းကြီးတပါးလို့ သိရတယ်။ ထိခိုက်က လူတစ်ယောက် ခြေဖြတ်ရမယ် ပြောတယ်။ ရွှေဘိုနယ် အရှေ့မြောက်ခြမ်းက ဆီကား သုံးစီး မီးလောင်တယ်။ ပြည်သူ တစ်ဦးထိတယ်ဗျ ကနဦး စုံစမ်းရတဲ့ သတင်းပါ”

ဒီလေကြောင်းတိုက်ခိုက်မှုမှာ အရပ်သားတွေ ထိခိုက်သေဆုံးမှုတွေ ရှိနေပြီး လတ်တလောမှာတော့ လေကြောင်းအန္တရာယ်ကနေ ရှောင်တိမ်းနေရတာကြောင့် အခြေအနေ အသေးစိတ်မသိရသေးဘူးလို့ ပြောပါတယ်။
MFP ရဲ့ သတင်း၊ ဆောင်းပါးနဲ့ ရုပ်သံတွေကို ယူကျူ့နဲ့ တယ်လီဂရမ်မှာလည်း ကြည့်နိုင်ပါတယ်။

Related Articles

Back to top button